
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အရပ်သား ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့ပေါ်ကနေ အင်အားအလုံးအရင်းနဲ့ မေ ၁၆ ရက် ညနေ ၄ နာရီလောက်မှာ ရဲလှေရပ်ကွက်ကို ဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး မေ ၁၈ ရက်မှာတော့ ဖမ်းဆီးထားသူတွေ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ရပ်ကွက်ထဲက လူတွေက ရပ်ကွက်အတွင်း မနေရဲကြလို့ မအုပ်ဘုန်းကြီးကျောင်းနဲ့ ဇေယျသုခ ဘုန်းကြီးကျောင်းမှာ နေနေတာကို ဝင်ဖမ်းတာဗျ။ အဲလိုဝင်ဖမ်းပြီး မအုပ်ကျောင်းကန်ဘောင်ကို လူငယ် ၂ ဦး ဖမ်းခေါ်သွားပြီး သတ်လိုက်ကြတယ်။ သေတဲ့သူရဲ့အမည်က ကျော်ထွန်းနဲ့ ရဲထွဋ်ပါ။ အသက်က ၂၅ နှစ်နဲ့ ၃၀ ဝန်းကျင် တွေပါ။ ဘာလို့ သတ်တာလဲဆိုတော့ ကလေးတွေက စစ်မှုထမ်းရမှာ ကြောက်ကြလို့ ထွက်ပြေးတာကို ဖမ်းပြီး သတ်တာ။ အခုလည်း အဲဒီဘုန်းကြီးကျောင်းထဲမှာ နေကြတဲ့ ကလေးငယ်တွေ၊ အမျိုးသမီး၊ အမျိုးသား၊ သက်ကြီးရွယ်အို ၁၀၀ ကျော်ကို ဖမ်းဆီးထားတယ်ဗျ။ အခုထိ ရွာသားတွေ ပြန်လွှတ်မပေးသေးဘူး။ သူတို့လည်း အဲဒီဘုန်းကြီးကျောင်းထဲက အခုထိ မထွက်သေးဘူး” လို့ ပြောပါတယ်။
ရဲလှေရပ်ကွက်ဟာ ချောင်းဦးမြိုရဲ့တောင်ဘက်မှာရှိပြီး သာမာန်အရပ်သားအများစု နေထိုင်တဲ့ ရပ်ကွက်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက်က “အဲဒီရပ်ကွက်က တချို့သူတွေကတော့ ကျနော်တို့ စိုးမိုးနယ်မြေဘက် ထွက်ပြေးပြီး ရောက်လာသူတွေ ရှိတယ်။ သူတို့ ဆွေမျိုးတွေ နေအိမ်တွေ၊ အသိအိမ်တွေမှာ နေကြတယ်။ ကျနော်တို့ ကူညီနိုင်သလောက် ကူညီပေးရမှာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ အခုရက်ပိုင်းအတွင်း ချောင်းဦးမြို့ပေါ်မှာ ပေါ်တာဆွဲတာတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။
မေ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ် ခင်မွန်ရွာကို ဝင်ရောက်ပြီး အရပ်သား ၄၀ ကျော်ကို ဖမ်းဆီးကာ ပြည်သူတယောက်အား သတ်ဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။