
ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့မှာ စက်သုံးဆီသယ်လာတဲ့ ဒေသခံ အယောက် ၄၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကစပြီး စစ်ကိုင်းတံတားသစ်ကနေ စက်သုံးဆီ သယ်ယူလာကြသူထဲက တယောက်က တံတားစောင့် ရဲတယောက်ကို ဓားနဲ့ထိုးလို့ဆိုပြီး ဒေသခံတွေကို ၃ ရက်ဆက်တိုက် ဖမ်းဆီးတာလို့ ဆိုပါတယ်။
စစ်ကိုင်းမြို့ခံ အမျိုးသားတယောက်က “တနေ့က ဆီသမားကို ဖမ်းတာ စစ်ကောင်စီ တပ်သားတွေက ဆွဲချတာ။ ဆီသမားအနောက်က ပါတဲ့တယောက် ပြုတ်ကျတယ်။ အဲဒါနဲ့ ရှေ့ကလူက ရဲကို ဓားနဲ့ ဆင်းထိုးတာကနေ မြင်မြင်သမျှ ဖမ်းတော့တာ”လို့ ပြောပါတယ်။
ဓားနဲ့ထိုးခံရတဲ့ ရဲတပ်သားရဲ့ ထိခိုက်မှုအခြေအနေကို မသိရပေမဲ့ ဓားနဲ့ထိုးတဲ့ ဒေသခံကတော့ ဖမ်းဆီးခံရပါတယ်။ အဲဒီဖြစ်စဥ်အပြီးမှာလည်း ဖမ်းဆီးခံရတဲ့ ဒေသခံ ၄၀ လောက်ကို တပ်မ ၃၃ ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့ခံတယောက်က “တချို့လည်း ငွေနဲ့ပြန်ထွက်ရတယ်လို့ သိရတယ်။ အဓိက ဆီပုံးသယ်တဲ့သူတွေကို ဖမ်းရာက ဖြစ်တာ။ များသောအားဖြင့် ဖမ်းခံရတာက ရွာက ဆီပုံးသယ်သူတွေ ယောက်ျားလေးတွေဆိုတော့ စစ်ရင်းဆေးရင်း လူခေါ်တဲ့ကာလ ပါသွားတာ ဖြစ်မယ်”လို့ ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် အညာဒေသ တော်လှန်ရေးအားကောင်းလာချိန် ၂၀၂၂ ခုနှစ်ကတည်းက စစ်ကိုင်းမြို့ကို စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကလွဲလို့ ဒေသခံတွေကို စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားပါတယ်။
မတ် ၂၈ ရက်မှာ အင်အားပြင်းငလျင် လှုပ်ခတ်တာကြောင့် ပျက်စီးမှုများတဲ့ စစ်ကိုင်းမြို့ထဲကို စက်ယန္တရားတွေ အသုံးပြုဖို့ တံတားစောင့် စစ်ကောင်စီတပ်သားတွေကို ငွေပေးပြီး တနိုင်တပိုင် အပြင် မှောင်ခိုပါသယ်ယူနေကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့ခံက “စစ်ကိုင်းတံတားပေါ်က တနေ့ကို ဆီမှောင်ခို မနည်းမနောဖြတ်ကြတာ။ မြင်နေ တွေ့နေရတာပဲ။ ဆိုင်ကယ်ပေါ် ဆီပုံးအဝါတွေ ဆာလာအိတ်စွပ်ပြီး သွားနေကြတာ။ သာမန် အချိန်တော့ ငွေပေး ဖြတ်ကြတာပေါ့။ တရက်ကို ဆိုင်ကယ်အစီး ထောင်ချီတင်ပြီး ဖြတ်နေတာ။ လမ်းကြောင်းရှိတာတို့ သူတို့ ဖမ်းချင်တဲ့အချိန်တို့ ဖမ်းတာပဲ” လို့ ပြောပါတယ်။
စစ်ကိုင်းမြို့က စစ်သုံးဆီဆိုင်တွေမှာ တနေ့ ဆိုင်ကယ်တစီးကို ကျပ် ၅၀၀၀ နှုန်းသာ ဆီထည့်ပေးတာကြောင့် မှောင်ခိုဆီဈေးကွက် ဖြစ်လာတာပါ။
ဒေသခံက “ပုဂ္ဂလိကဆိုင်တွေက အကန့်အသတ်နဲ့ပဲ ရောင်းတာ။ မှောင်ခိုသမားတွေကို အကုန်မဖမ်းနိုင်ဘူး။ ဆီကို ပိတ်တယ်ဆိုတာက အရင်ထဲက ပိတ်တာ။ ပိတ်လည်း ခိုးသယ်ကြတာပဲ။ မှောင်ခိုက ၁ လီတာ ၅၀၀၀ ကျပ်ပေးရတယ်”လို့ ပြောပါတယ်။
စစ်ကိုင်းတံတားသစ်မှာတော့ အမရပူရဘက်မှာ ရဲ ၁ ဂိတ်၊ စစ်တပ် ၁ ဂိတ်နဲ့ စစ်ကိုင်းဘက်မှာ ရဲ ၁ ဂိတ်၊ စစ်တပ် ၁ ဂိတ်ရှိနေတာ ဖြစ်ပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ စစ်ကိုင်းမြို့မှာ ၂ လနီးပါးအကြာမှာ အန္တရာယ်ရှိ နေအိမ်တွေ အများစုကို ဖြိုချပြီးဖြစ်ပေမဲ့ မြို့အစွန်အဖျားတွေက ဘုန်းကြီးကျောင်းတွေနဲ့ စက်ကြီးတွေ ဝင်မရတဲ့ နေရာတချို့လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။