
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်မှာရှိတဲ့ ဆေးပေးခန်းကို စစ်ကောင်စီတပ်က မေ ၁၈ ရက် မနက် ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးပေးခန်း အဆောက်အအုံတွေ ပျက်စီးကာ ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပခုက္ကူမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ တာဝန်ခံ ကိုစိုးထွဋ်က “ကမ္မအနောက်ခြမ်း ဂျိုးပျံရပ်ကွက်က ရပ်ကွက်ဆေးပေးခန်းကို ဗုံး ၂ လုံး အကြဲခံလိုက်ရတာပါ။ ဆေးခန်း အဆောက်အအုံ ၂ ခုနဲ့ အနီးအနားလေးက လူနေအိမ်တချို့ ပျက်စီးသွားပါတယ်။ အရင် ပြီးခဲ့တဲ့ နှစ်ကတည်းက စစ်တပ်က လက်နက်ကြီးတွေ ပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေလို့ အဲဒီဆေးခန်းက ပိတ်ထားခဲ့ရတာဆိုတော့ လူနာတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ မရှိဘူး” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ရပ်ကွက်နေပြည်သူ အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့လည်း သူက ဆက်ပြောပါတယ်။
Kamma Under Ground PDF တာ၀န်ခံ ကိုချမ်းကြီးက “ပေါင် ၃၀၀ ဗုံးတွေလို့ ယူဆတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ကြဲတာဖြစ်တယ်။ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာလို့ သိရတယ်ဗျ” လို့ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း ကမ္မမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တိုင်းရင်းဆေးစက်ရုံကို စက်တပ်လေထီး (Paramotor) ၂ စင်းနဲ့ ဗုံးကြဲချခဲ့လို့ စက်ရုံဝန်ထမ်း အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။