
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို စစ်တပ်က မေ ၁၈ ရက် နေ့လယ် ၁၂ နရီ ၄၅ မိနစ်လောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “လေယာဉ်နဲ့ ကြဲတာက နွယ်အင်းကျေးရွာ အရှေ့ပိုင်းတလုံး၊ ရွာအလယ်ပိုင်းတလုံး၊ အနောက်ပိုင်းတလုံး စုစုပေါင်းနေရာ ၃ နေရာကို ဗုံး ၃ လုံး ကြဲချသွားတာ။ ကြဲတာက ဂျက်ဖိုက်တာနဲ့ ကြဲချတာဗျ။ အဲလိုကြဲချခဲ့လို့ ပြည်သူ ၃ ဦး နေရာတင်ပွဲချင်းပြီး သေဆုံးတယ်။ ဆေရုံရောက်မှ တဦး ထပ်မံ သေဆုံးရတယ်။ စုစုပေါင်းသေဆုံးတာ ၄ ဦးပေါ့။ ဒဏ်ရာပြင်းထန်ရတာက ၄ ဦးဗျ။ အဲဒီဒဏ်ရာရရှိတဲ့အထဲက အသက် ၂ နှစ်အရွယ် ကလေး ၁ ဦး လက်ဖြတ်ရမယ်” လို့ ပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “တိုက်ပွဲဖြစ်ပွားတာ မရှိဘဲနဲ့ အရပ်သားတွေနေတဲ့ ရွာထဲကို ကြဲချသွားတာ။ လူတွေ ထိခိုက်သေဆုံးရပြီး လူနေအိမ်တွေလည်း ပျက်စီးသွားရပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး ပြည်သူကို ပြောချင်တာက ရန်သူက အရပ်သားလား၊ တော်လှန်ရေးအဖွဲ့လားဆိုတာကို မခွဲခြားဘူးဆိုတာကို အသိပညာယူရမယ်။ နမော်နမဲ့ နေလို့မရ တော့ဘူးဆိုတာ အသိရှိရတော့မယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်က မြေပြင်စစ်ကြာင်းထိုးတာမျိုး မပြုလုပ်တော့ဘဲ လေယာဉ်အပါအဝင်၊ စက်တပ်လေးထီး၊ ဒရုန်းယာဉ်တွေ အသုံးပြီပြီး အခုလို တိုက်ခိုက်နေတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက်ကလည်း ဒီပဲယင်းမြို့နယ် အိုးထိန်တွင်းရွာက စာသင်ကျောင်းကို ဗုံးကြဲချလို့ ကျောင်းသူ ကျောင်းသားနဲ့ ဆရာမ ၂ ယောက်အပါအဝင် ၂၄ ယောက်အထိ သေဆုံးခဲ့ရပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။