
ရှမ်းပြည်နယ် ဖယ်ခုံအရှေ့ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အသေခံကွန်မန်ဒိုတွေသုံးပြီး စစ်ကြောင်းထိုးနေတယ်လို့ လက်ရှိရှေ့တန်းမှာ ကာတိုက်နေတဲ့ အင်းလေး PDF အဖွဲ့က DVB ကို အတည်ပြုပါတယ်။
မေ ၁၃ ရက်နေ့က ညောင်ရွှေမြို့နယ် ရေပူကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ပျားစစ်ကြောင်း အင်းလေး PDF (၁၀၀၉ တပ်ရင်း) ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အရှင် ၃ ယောက် မိထားတယ်လို့ ပျားစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်သားတွေ အသေခံကွန်မန်ဒိုတပ်သားတွေကွလို့ အော်ပြီး စစ်ကြောင်းထိုးလာတာလို့ အင်းလေး PDF ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားပါတယ်။
“အဲဒီမှာပါလာတဲ့ PNO စစ်သားတွေက ကွန်မန်ဒိုသင်တန်းဆင်းလို့ ပြောလို့ရတဲ့ စစ်သားတွေ ပါတယ်ပေါ့။ အဲဒါကို ဘယ်လိုလုပ်သိလဲဆိုတော့ သူတို့က တိုက်ပွဲဖြစ်တဲ့နေရာမှာ သူတို့ကိုယ်သူတို့ ကွန်မန်ဒိုသင်တန်းဆင်းတွေကွ၊ အသေခံတပ်သားတွေလို့ အော်ပြီး တက်လာတာပေါ့။ ဒီတခေါက် ကျနော်တို့မိထားတာက အရှေ့ပိုင်းတိုင်းက ကျိုင်းတုံအခြေစိုက်တဲ့ တြိဂံတိုင်းစစ်ဌာနချုပ်ကပေါ့ သုံးယောက် မိထားတယ်။”
လက်ရှိ မိုးဗြဲနဲ့ ဖယ်ခုံအရှေ့ဘက်ခြမ်းတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကော မြေပြင်အင်အားပါသုံးပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။