
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ကျောင်းအုပ်ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ဇွန် ၁၅ ရက် မနက် ၉ နာရီဝန်းကျင်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ညောင်ဦးမြို့နယ် ပကဖ ရဲ့ တပ်ဖွဲ့ဝင်တယောက်က “ညောင်ပင်ကန် အ.ထ.က ခွဲက ကျောင်းအုပ်ဆရာမနဲ့ သူ့ယောက်ျားတို့တို့ကို အဲဒီကျောင်းထဲက ဝန်ထမ်းလိုင်းခန်းရှေ့မှာ ပစ်ခတ်ခံရပြီးတော့ ခေါင်းပိုင်းတွေထိပြီး ၂ ယောက်လုံး နေရာမှာတင် သေတယ်လို့ သိရတာဗျ” လို့ ပြောပါတယ်။
သေဆုံးသွားကြသူတွေဟာ ညောင်ပင်ကန်ကျေးရွာ၊ အထက်တန်းကျောင်းခွဲက အသက် ၄၀ ကျော်အရွယ် ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ ခင်ပွန်း အသက် ၄၅ နှစ်အရွယ် ဦးဇော်လတ် တို့ဖြစ်ပါတယ်။
ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီးက “အဲဒီကျောင်းအုပ်လင်မယားက နာမည်ထွက်နေတာကြာပြီ။ သူတို့ဆွေမျိုးသားချင်းထဲမှာ စစ်တပ်ဘက်က အရာရှိအဆင့်ရှိတယ်။ သူ့အရှိန်နဲ့ အဲဒီကျောင်းထဲကို စစ်သားတွေ ခေါ်ခေါ်လာတတ်တယ်။ သူ့အောက်က ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေအပေါ်ကိုလည်း စစ်တပ်အားကိုးနဲ့ မောက်မောက်မာမ ဆက်ဆံနေတာတွေ ရှိနေတယ်။ အဲဒီမစ်ရှင်ကို ကျနော်တို့အဖွဲ့ဘက်က လုပ်ခဲ့တာတော့ မဟုတ်ဘူး။ တခြားအဖွဲ့တွေက လုပ်သွားတာ။ ဘယ်အဖွဲ့ကလဲ ဆိုတာကတော့ သက်ဆိုင်တဲ့အဖွဲ့ဘက်က သတင်းထုတ်ပြန်လာမှာပါ။ ပကဖတွေ၊ PDF တွေဘက်က အဲဒီလို မစ်ရှင်တွေ ဆောင်ရွက်ရင် ရမ်းမလုပ်ဘူး။ သေချာစုံစမ်းပြီးတော့မှာ လုပ်ကြတယ်ဆိုတာတတော့ သေချာတယ်ဗျ”လို့ ပြောပါတယ်။
ကျောင်းအုပ်ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တာဝန်ကျဝန်ထမ်းက လက်ခံဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ဆောင်ရွက်ခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဇွန် ၁၆ ရက် ညပိုင်းအထိ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
တပ်ထောက်ခံသူတွေကတော့ ပညာရေးဝန်ထမ်းဖြစ်တဲ့ ကျောင်းအုပ်ဆရာမနဲ့ ခင်ပွန်းတို့ ပစ်သတ်ခံရတဲ့အပေါ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ ကန့်ကွက်ရှုတ်ချနေပါတယ်။