Home
မြန်မာသတင်း
ဝက်လက်မြို့နယ် ပအဖ တာဝန်ခံနှင့် ညီမဝမ်းကွဲဖြစ်သူတို့ ပစ်ခတ်ခံရပြီးသေဆုံး
DVB
·
May 25, 2025

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံနဲ့ ညီမဝမ်းကွဲဖြစ်သူတို့ဟာ မေ ၂၃ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဝက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဖြစ်တဲ့ ဦးမျိုးအောင်ကိုနဲ့ သူ့ရဲ့ ညီမဝမ်းကွဲတော်တဲ့ အမျိုးသမီးနဲ့ အတူနေနေကြတဲ့ ဝက်လက်မြို့နယ်၊ မန္တလေး-ရွှေဘို ကားလမ်းပေါ်က ရွာသာကြီးတိုက်နယ်၊ တမာကုန်းရွာနားက လယ်တောထဲမှာရှိတဲ့ လယ်စောင့်တဲတခုထဲမှာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရတာပါ” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ ပအဖ တာဝန်ခံဟာ တရားလွှတ်တော်ရှေ့နေတဦးဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ CDM ပြုလုပ်ထားသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ကိုကျော် က “သူက CDM လုပ်ပြီး တော်လှန်ရေး အစမှာကတည်းက စစ်အာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ်လုပ်လာခဲ့တာ။ ကိုမျိုးအောင်ကို က ဝက်လက်မြို့နယ်ထဲမှာရှိတဲ့ တိုက်နယ်အားလုံးကို တာဝန်ယူထားသူလည်း ဖြစ်တယ်။ သူတို့ ၂ ယောက် နေနေတဲ့ တဲလေးထဲမှာ အပစ်ခံရတာ။ နှစ်ယောက်လုံး အပစ်ခံရတဲ့ အချက်ရေ များတယ်။ ရန်ငြိုးရန်စရှိတယ်တော့ မကြားမိပါဘူးဗျာ။ တကယ့် လူတော်တယောက်ပါ” လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဝက်လက်မြို့နယ် ပအဖ တာဝန်ခံ ဦးမျိုးအောင်ကို တို့ ၂ ယောက် ပစ်ခတ်ခံရတဲ့ လယ်တောတွေထဲကို ရွာသာကြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံတွေက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိခဲ့တဲ့အတွက် အခု ပစ်ခတ်မှုဟာလည်း စစ်ကောင်စီ လက်အောက်ခံတွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဝက်လက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ခန့်မှန်း​နေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီ ထောက်ခံသူတွေဘက်ကတော့ သတင်းထုတ်ပြန် ရေးသားလာတာတွေ မတွေ့ရသေးသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024