
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ဝိဇ္ဇာလမ်းမှာ မေ ၂၂ ရက် ဒီနေ့ မနက် ၉ နာရီခွဲက အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ဦးချိုထွန်းအောင် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဦးချိုထွန်းအောင်ကို သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာတွေရရှိကာ စစ်ကောင်စီတပ်က လူနာတင်ယာဥ်နဲ့ စစ်ဆေးရုံကို ခေါ်သွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“သေ၊ မသေတော့ မသိဘူး၊ စစ်တပ်က လူနာတင်ယာဥ်နဲ့ ဆေးရုံကို သယ်သွားတယ်။ သမိုင်းလမ်းဆုံဘက်တွေရော ဘုရင့်နောင်ဘက်တွေပါ စစ်တပ်ရော ရဲရော စစ်ဆေးနေတယ်။”
အဆိုပါပစ်ခတ်မှုဖြစ်စဉ် မှန်ကန်ကြောင်းနဲ့ ဦးချိုထွန်းအောင်ကို လတ်တလော စစ်ကောင်စီတပ်က အမှတ် ၁ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဖြစ်စဥ်က မှန်တယ်၊ အကြောင်းအရင်းတော့ အတိအကျတော့ မသိရသေးဘူး။ ဒဏ်ရာရတာများလို့ စစ်ဆေးရုံကို ပြောင်းကုတာ သေသွားတယ်” လို့ ပြောပါတယ်။
ဦးချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တာလို့ သိရပါတယ်။ ပစ်ခတ်ခဲ့တဲ့ GVW မြို့ပြရဲဘော်ရဲဘက်တွေအားလုံး လုံခြုံဘေးကင်းတယ်လို့ GVW တပ်ဖွဲ့ဝင်တယောက်က မီဒီယာတွေကို ပြောပါတယ်။
“ဖရဲသီးသတင်း စရကတည်းက ကျနော်တို့ ဆက်တိုက်စုံစမ်းထောက်လှမ်းနေခဲ့တာ၊ အဲဒီနောက် သိလာရတာ တော်တော်များများရှိလာတယ်။ သူက မင်းအောင်လှိုင်ရဲ့ ဂုဏ်ထူးဆောင်တံဆိပ် ရထားတာကို မိတ်ဆုံစားပွဲတွေနဲ့ အပတ်စဉ် ဂေါက်ရိုက်ကွင်းစကားဝိုင်းတွေမှာ အမြဲ ဂုဏ်ယူဝင့်ကြွားဝါ ပြောဆိုလေ့ရှိတယ်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်တဲ့ ကိစ္စတွေမှာ တိုက်ရိုက်ကိုင်တွယ် ပါဝင်တာမျိုး မတွေ့ရပေမဲ့ စစ်မှုထမ်းဟောင်းအဖွဲ့အနေနဲ့ သူအပါအဝင် အငြိမ်းစားစစ်သံမှူးတွေ စုပြီး အကြံပေးနေတာ ရှိတယ်။”
ရန်သူ့ဒေါက်တိုင်တွေကို စနစ်တကျ စာရင်းပြုစုပြီး ထောက်လှမ်းနေကြောင်းနဲ့ အနန့်ပါ၊ လက်ယက်ကုန်း၊ ပဇီကြီး၊ ဒီပဲယင်း စတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ သေဆုံးသွားခဲ့ရသူတွေအတွက် တရားမျှတမှုကို မရ ရတဲ့နည်းနဲ့ ယူမယ်လို့လည်း ပြောပါတယ်။
ပစ်ခတ်ခံရသူ ဦးချိုထွန်းအောင်ဟာ အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်း တယောက်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ကမ္ဘာဒီယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ ဦးချိုထွန်းအောင်ကို အာဏာသိမ်း စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်။