
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စုနဲ့ သာရဘွင်ကျေးရွာအုပ်စုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က မေ ၂၂ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ညောင်ဇင်တောင်ကျေးရွာက မူလတန်းကျောင်းကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံးလောက် လာကြဲခဲ့တာဖြစ်ပြီး စာသင်ကျောင်း ထိခိုက်ပျက်စီးတာများတယ်လို့ ရွာခံ အမျိုးသားတယောက်က ပြောပါတယ်။
“တနေရာတည်းစုပြီး လာချတာပါ။ ဘာမှမရှိဘဲ ဗုံးသီးလာချတာပါ။ အဲဒီနေ့က ကျောင်းမှာ စာမသင်လို့ ကလေးတွေ ကံကောင်းသွားတယ်။ အဲဒီမတိုင်ခင်နေ့ကတော့ ဒီကျောင်းမှာ ကလေးတွေ စာလာသင်ကြားတယ်”
တိုက်ပွဲမရှိဘဲ ဗုံးသီးလာချသွားလို့သိရပြီး ကျောင်းခေါင်မိုးနဲ့နံရံတွေမှာ ဗုံးသီးထိမှန်လို့ ထိခိုက်ပျက်စီးတာတွေ များခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတနေ့တည်းမှာပဲ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ထိခိုက်ပျက်စီးတာကိုတော့ မသိရသေးပါဘူး။
မေ ၂၁ ရက်နေ့ကလည်း လယ်သစ်ကျေးရွာအနောက်ကမ်းကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ အခုတပတ်အတွင်း တနင်္သာရီမြို့နယ်ကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာပြီး ကျေးရွာ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ တွေ့ရတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။