စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုရွာ ဗုံးကြဲ တိုက်ခိုက်ခံရတာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။
မေ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မင်းစုရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် မွေးကင်းစကလေး အပါအဝင် ပြည်သူ ၁၁ ယောက် သေဆုံးခဲ့တာပါ။
ဒဏ်ရာပြင်းထန်သူ ၁၃ ယောက် အပါအဝင် ဒဏ်ရာရသူ ၂၀ ဝန်းကျင်ကို မင်းကင်းမြို့နယ်ထဲက ကျန်းမာရေးကုသမှု ခံယူနိုင်တဲ့နေရာတွေဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကြောင့် မင်းကင်းမြို့နယ်ထဲမှာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး လုံလောက်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆေးဝါးပစ္စည်းတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးဝင်းမင်းစိုးက “ဒဏ်ရာရရှိလူနာနဲ့ သေဆုံး အားလုံး စုစုပေါင်းတော့ ၃၀ ကျော်တော့ရှိတယ်ဗျ။ ၃၀ ကျော်ထဲမှာမှ သေဆုံး ၁၁ ဦး အပါအဝင်ပေါ့ဗျာ။ ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေကို ဆေးရုံအသီးသီးကိုတော့ ပို့ဆောင်ပြီးသွားပါပြီ။ လူနာတွေ ပို့ဆောင်ရတဲ့နေရာမှာ နည်းနည်းတော့ ခက်ခဲမှုရှိတာပေါ့။ လူနာတွေ သယ်ပြီးတော့ ဆေးရုံအသီးသီး ပို့ဆောင်တဲ့ လမ်းကြောင်းမှာ ချောင်းရေကြီး ရေလျှံတာတွေ ရှိတဲ့အခါကျတော့ ရက်က မကြာသင့်ဘဲနဲ့ ပိုပြီးကြာသွားတာတော့ ရှိပါတယ်။ ပြီးတော့ ပျူရွာတွေများတဲ့အခါကျတော့ ပျူရွာတွေကို ကွင်းပြီးမှ ပတ်လမ်းကနေ သွားရတဲ့အခါ ပိုပြီးတော့ လမ်းခရီးခက်ခဲမှုတော့ ရှိပါတယ်ဗျ။ ဆေးဝါးတွေနဲ့ပတ်သက်ရင်တော့ လိုအပ်ချက် များပါတယ်” လို့ ပြောပါတယ်။
မေ ၂၃ ရက်နေ့က မင်းစုရွာနဲ့ ၂ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ မုံရွာ-ယာကြီးကားလမ်းပေါ်က ပျူစောထီးအခြေစိုက် မအူရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးအနားမှာရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထားတဲ့အနေနဲ့ မင်းစုရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးဒဏ်ကြောင့် အိမ်ခြေ ၁၀ လုံးဝန်းကျင်ထိခိုက်ပျက်စီးခဲ့ပြီး မြေပြင်မှာ တွေ့ရတဲ့ လက္ခဏာတွေအရ စစ်ကောင်စီလေယာဉ်က ပေါင် ၅၀၀ ကလပ်စတာ ဗုံးနဲ့ကြဲချခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။
ဒဏ်ရာရရှိသူအမျိုးသမီးတယောက်က “ခြေထောက်က အတော်ထိတယ်၊ ကျမက အသက် ၃၅ ရှင့်။ ခြေထောက်နဲ့ တင်ပါးတွေနဲ့ ပေါင်တွေနဲ့ရော၊ ကျောကုန်းမှာရော။ ဘာမှမပါခဲ့ဘူး ခါးဝတ်ခါးစားတောင်မှ။ ဓားနဲ့ခွဲသလိုပဲ အကုန်ပြတ်တောက်ကုန်တာ။ နားတွေကလည်း အူကုန်တာဆိုတော့လေ ဦးလေး ပြောတာတောင်မှ တော်တော်လေး နားထောင်ရတယ်။ လေယာဉ်နဲ့ လာပစ်တော့ ကျမက အိပ်နေတဲ့အခါကျတော့လေ၊ ဝူးခနဲလေးပဲကြားလိုက်ရတယ်။ ကျန်တာ ဘာမှ မကြားလိုက်ရဘူးရှင့်၊ အိမ်ကြီးကလေ အကုန်လုံး ပြတ်ထွက်ပြီးတော့လေ။ သတိရလာတဲ့အချိန်မှာ မီးလေးတွေ နည်းနည်းတောက်နေတာလေးတွေ တွေ့တယ်။ ခေါင်းရင်းက မီးကြီးက ဝုန်းဝုန်းတောက်ကြီးရယ်။ အဲဒီထဲကမှ ကျမ ထပြေးခဲ့ရတာ။ အရူးကြီးပေါ့ရှင် အဲဒီလိုမျိုးကြီးပဲ၊ ပတ်ချာလည်သွားပြီးကာ သမီး၊ သားတွေကိုရှာတဲ့အခါကျတော့ ကျမအမျိုးသားက လှမ်းခေါ်တာ မကြားဘူး။ နားတွေက အူပြီးတော့လေ” လို့ ပြောပါတယ်။
စစ်ကောင်စီက မေ ၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ကြေညာထားပေမယ့် လက်တွေ့မြေပြင်မှာတော့ နယ်မြေထိန်းချုပ်ရေးအတွက် နည်းလမ်းစုံ အသုံးပြုပြီး စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကို တိုက်ခိုက်နေတာပါ။
DVB ရဲ့ မှတ်တမ်းတွေအရ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်နေ့ကနေ မေ ၂၂ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ၇၄၄ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅၀၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
သုတချမ်းသာ