
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတွေဆီကို စစ်ကောင်စီက ဆန်နဲ့ စားသုံးဆီ၊ စက်သုံးဆီ သယ်ယူခွင့်ကန့်သတ်ထားပြီး သယ်ယူခွင့် ထောက်ခံစာတရွက်ကို ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတွေအနေနဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နဲ့ ၇ မိုင်အကွာမှာရှိတဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်ကို ဖြတ်ရတာဖြစ်ပြီး ဆန်၊ စားသုံးဆီ၊ စက်သုံးဆီ သယ်ယူခွင့်ကို ကန့်သတ်ထားတာပါ။
ရေကြည်မြို့နယ်က ဒေသခံ တယောက်က “ဆန်၊ စက်သုံးဆီ၊ စားဆီ ၃ မျိုး သယ်မယ်ဆိုကျပ် ၁၀,၀၀၀ တန် ထောက်ခံစာ လုပ်ရတာ။ ဆန်တမျိုးတည်းဆို ၅,၀၀၀ တန်ထောက်ခံစာလုပ်ရတာ။ ဒါတောင် သတ်မှတ်ထားတာထက် ပိုသယ်လို့ မရဘူး။ မလုပ်ရင်တော့ မသယ်ရဘူးပေါ့” လို့ ပြောပါတယ်။
ရေနံ့သာစစ်ဆေးရေးဂိတ်မှာ အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ဆိုရင် ဆန် ၁၂ ပြည်၊ စားသုံးဆီ ၅ ပိဿာ အထိသယ်ယူခွင့်ပေးပြီး ထောက်ခံစာမပါဘူးဆိုရင် ဆိုင်ကယ် ၁ စီးကို ဆန် ၆ ပြည်နဲ့ စားသုံးဆီ ၁ ပိဿာ၊ စက်သုံးဆီ ၁ လီတာပဲ သယ်ယူခွင့်ပေးတယ်လို့ ဆိုပါတယ်။
ငါးသိုင်းချောင်းဒေသခံတယောက်က “ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ။ ထောက်ခံစာပါ သတ်မှတ်ချက်ထက် လုံးဝပိုသယ်ခွင့်မရဘူး။ ထောက်ခံစာကလည်း အစားစားပဲ။ ကုန်ပစ္စည်းကျတော့ ပိုသယ်လာရင် လူကို ဖမ်းတယ်။ ပစ္စည်းတွေကို သိမ်းတယ်။ ကျေးရွာတွေဘက်မှာ လိုအပ်ချက် အရမ်းများနေတယ်” လို့ ပြောပါတယ်။
အခုလို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူခွင့်ကန့်သတ်ထားတဲ့အတွက် ရေကြည်မြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာဖြစ်တဲ့ မိဿလင်ကျေးရွာအုပ်စုထဲက ကျေးရွာခွဲ ၉ ရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာ ၂၁ ရွာက ဒေသခံတွေဟာ စက်သုံးဆီ၊ ဆန်၊ စားသောက်ကုန်တွေလို သလောက် သယ်ယူမရလို့ အခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဆီကို ဆန်နဲ့ စက်သုံးဆီ၊ စားသုံးဆီတွေ မရောက်ရှိဖို့အတွက် ဆိုပြီး အခုလို ပိတ်ပင်နေတာလို့ သိရပါတယ်။