တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် ကုမ္ပဏီရှိ စက်ပစ္စည်းတွေကို ထိမှန်ခဲ့ပြီး စုစုပေါင်း တန်ဖိုး တရုတ်ငွေ ၁,၆၈ဝ,ဝဝဝ ယွမ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
မေ ၁၁ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုမ္ပဏီအသုံးပြုနေတဲ့ ဘတ်ဖိုးတစီး၊ သတ္တုထုတ်စက်တလုံး၊ စက်ပစ္စည်းတွေထားရှိတဲ့ ဂိုဒေါင်တလုံးနဲ့ တခြားပစ္စည်းများစွာ ထိမှန် ပျက်စီးဆုံးရှုံးခဲ့တာပါ။
မေ ၁၈ ရက်ကလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသိင်္ဂီကျေးရွာအနီးမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅ဝ ဗုံး ၆ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ငလျင်ကို အကြောင်းပြပြီး မေ ၆ ရက်မှ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားပေမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေ အပါအဝင် နိုင်ငံအနှံ့ကို မြေပြင်ထိုးစစ်ဆင်တာ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်းကို နေ့စဉ်အသုံးပြု တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ပစ်ခတ်တိုက်ခိုက်မှုတွေရန်ကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကေခိုင်