
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၁၈ ရက်မှာ လေကြောင်းကနေ ဗုံးကြဲနေလို့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ကွင်းဆိပ်၊ ကျုံချောင်၊ ဒုံဇရစ် တောင်ဘက်၊ သရက်ချောင်း၊ အင်းဂနီ၊ သံဆိပ်၊ မင်းလမ်းရွာမ ကျေးရွာတွေကို တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ်က လေယာဥ်နဲ့ ဗုံးကြဲနေတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
သရက်ချောင်းဒေသခံတယောက်က “မနေ့မနက်တည်းက လေယာဥ်တွေ ဝဲနေတာ၊ နေ့လယ်ပိုင်းကျတော့ ဗုံးကြဲတာ၊ ညနေပိုင်းမှာလည်း လတ်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေလို့ ရွာမှာ မနေရဲလို့ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
ရွှေကျင်မြို့နယ် အနောက်ဘက်မှာရှိတဲ့ ဝဲကြီး၊ သောင်လယ်၊ မာဒေါက်ကလေး အနောက်ဘက် တောင်ခြမ်း မြောက်ခြမ်း ကျေးရွာတွေက ဒေသခံ ၄၀၀ ကျော်လောက် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရပါတယ်။
ရွှေကျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “လူထိခိုက်မှု မရှိပါဘူး၊ ကျနော်တို့ရှိနိုင်မယ့် နေရာတွေကို ခန့်မှန်းပြီး လက်နတ်ကြီးနဲ့ ထုနေတာပါ။ ရွာတွေက လူတွေလည်း လောလောဆယ် ရွာမှာ ပြန်မနေဖို့ ပြောထားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရွှေကျင်မြို့နယ်ထဲက ကျေးရွာတွေမှာ ပေါ်တာဆွဲနေပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေကိုလည်း ပိုက်ဆံနဲ့ ပြန်ရွေးရပြီး တယောက် ၇၅ သိန်းကျပ် ပေးရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။