
ခေါင်းဆောင် ၃ ယောက် သီးခြားစီ ဖုန်းဆက်ဆွေးနွေးမှု မတိုင်မီ ရုရှားက ယူကရိန်းအပေါ် စစ်ပွဲကာလတလျှောက် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ အမျိုးသမီးတယောက် သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးသွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းကီးတို့နဲ့ မေ ၁၉ ရက်မှာ သီးခြားစီ ဖုန်းဆက်ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ထရမ့်ပ်က ပူတင်နဲ့ မေ ၁၉ ရက် အရှေ့ဖျားစံတော်ချိန် မနက် ၁၀ နာရီ (မြန်မာစံတော်ချိန် ည ၈ နာရီခွဲ) မှာ ဖုန်းပြောမှာဖြစ်တယ်လို့ သူ့ လူမှုကွန်ရက် Truth Social မှာ တင်ထားပါတယ်။
တပတ်ကို ရုရှားနဲ့ ယူကရိန်း စစ်သား ၅,၀၀၀ ကျော် သေဆုံးစေတဲ့ သွေးချောင်းစီးမှုကြီးကို ရပ်တန့်ဖို့နဲ့ ကုန်သွယ်ရေးအတွက် ဆွေးနွေးမှာဖြစ်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
အဲဒီနောက်မှာတော့ ဇလန်းစကီး၊ NATO အဖွဲ့ဝင် အများအပြားနဲ့ ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း ရေးသားထားပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန် ခေါင်းဆောင်တွေကလည်း ပူတင်နဲ့ ထရမ့်ပ် တွေ့ပြီးရင် ထရမ့်ပ်နဲ့ စကားပြောဖို့ စီစဉ်ထားတယ်လို့ ဂျာမန်အဓိပတိ ဖရိုင်းဒရစ်ဂျ် မာ့ဇ်က ပြောပါတယ်။
ဒီခေါင်းဆောင် ၄ ယောက်ဟာ ပြီးခဲ့တဲ့အပတ်က ကိယက်ဗ်ကို ပူးတွဲလာရောက်ခဲ့ပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသစ် ချမှတ်ဖို့ရာ အမေရိကန်ပါ ထောက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။
မေ ၁၇ ရက် တညလုံး လေကြောင်းသတိပေးသံတွေ ညံနေခဲ့အပြီး ၁၈ ရက် မနက် ၈ နာရီကစလို့ ရုရှားဟာ ယူကရိန်းမြို့တွေကို ဒရုန်း ၂၇၃ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်က အတည်ပြုပါတယ်။
ဒါဟာ စစ်ပွဲ ၃ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလတုန်းက ရုရှားတိုက်ခိုက်တဲ့ ဒရုန်းအရေအတွက်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇလန်းကီးဟာ မေ ၁၇ ရက်က ပုပ်ရဟန်းမင်းသစ် တင်မြှောက်ပွဲ တက်ရောက်ဖို့ လာရောက်ရင်းနဲ့ ရောမမြို့မှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအို တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဖေဖော်ဝါရီ အိမ်ဖြူတော်ခရီးစဉ်တုန်းက ဆိုးရွားခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဆွေးနွေးမှုဟာ မိနစ် ၄၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ထရမ့်ပ်က အပစ်ရပ်ဖို့ ဖိအားပေးနေချိန်မှာ ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ်တွေဟာ ၃ နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့က တူရကီမှာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။
အကျဉ်းသား ၁,၀၀၀ လဲလှယ်ဖို့ သဘောတူခဲ့ပေမဲ့ ရုရှားတောင်းဆိုတဲ့ စည်းကမ်းချက်တွေကြောင့် အပစ်ရပ်ဖို့တော့ အဆင်မပြေခဲ့ဘူးလို့ ယူကရိန်းဘက်က ထုတ်ပြန်ထားပါတယ်။
Source: Reuters