
ဗြိတိန်ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ရုရှားကိုသွားမယ့် ရေနံတင်သင်္ဘောတစင်းကို အက်စ်တိုးနီးယားရေတပ်က ဖမ်းဆီးဖို့ ကြိုးစားခဲ့ရာမှာ ရုရှားက စစ်ဂျက်လေယာဉ်တစင်း စေလွှတ်ခဲ့ကြောင်း၊ အဲဒီသင်္ဘောဟာ အလံတင်ထားခြင်းမရှိဘဲ တရားမဝင် ရွက်လွှင့်နေတာလို့ အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးက မေ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ဗြိတိန်ရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းထားတဲ့ ဂျာဂွါ အမည်ရှိ ဂါဘွန်အလံတပ် ရေနံတင်သင်္ဘောပေါ်တက်ပြီး စစ်ဆေးဖို့ ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အဲဒီသင်္ဘောကို ရုရှားရေပိုင်နက်ကို ပို့ပေးလိုက်ကြောင်း အက်စ်တိုးနီးယားရေတပ်က ပြောကြားခဲ့ပါတယ်။
“ရုရှားဖက်ဒရေးရှင်းက ဒီအခြေအနေကို စစ်ဆေးဖို့ Su-35 တိုက်လေယာဉ်တစင်း စေလွှတ်ခဲ့ပြီး အဲဒီတိုက်လေယာဉ်ဟာ NATO နယ်မြေကို တမိနစ်နီးပါး လေပိုင်နက် ချိုးဖောက်ခဲ့ပါတယ်” လို့ အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး မားဂတ်စ် ဇာခ်နာက တူရကီနိုင်ငံ အန်တယ်လ်ယာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂျာဂွါသင်္ဘောဟာ ရုရှားရဲ့ အရိပ်သင်္ဘောအုပ်စုလို့ခေါ်တဲ့ ရုရှားနိုင်ငံက နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ အသုံးပြုတဲ့ ရေနံတင်သင်္ဘောအုပ်စုထဲမှာ ပါဝင်တဲ့ သင်္ဘောအစီး ၁၀၀ ကျော်ထဲက တစီးဖြစ်ပါတယ်။ အဲဒီသင်္ဘောတွေဟာ နိုင်ငံတကာစည်းမျဉ်းတွေကိုလည်း ချိုးဖောက်ပြီး အာမခံလည်း မရှိပါဘူး။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း အကြောင်းမပြန်သေးပါဘူး။
Source: Reuters