
ဧရာဝတီတိုင်း၊ အင်္ဂပူနဲ့ လေးမျက်နှာမြို့နယ်တို့မှာ အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာတွေကို လေကြောင်းကနေတိုက်ခိုက်လို့ နေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေ ၁၈ ရက် ဒီမနက်ပိုင်း ၄ နာရီကနေ ၆ နာရီဝန်းကျင်အထိ အင်္ဂပူမြို့နယ်ထဲက ချင်ကိုက်ကွင်းကျေးရွာ၊ ဘဲ့ပြားကုန်းကျေးရွာနဲ့ လေးမျက်နှာမြို့နယ်၊ စာစီကုန်းကွင်းကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၅ ကြိမ်လောက် အထိ ဗုံးကြဲချတိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ် စာစီကုန်းကျေးရွာဒေသခံတယောက်က “အိမ်တွေတော်တော်များများ မီးလောင်နေတာ။ အခု ဗုံးကြဲခံရတဲ့နေရာက တိုက်ပွဲဖြစ်တဲ့နေရာတွေ မဟုတ်ဘူး။ အခုမနက် စောစောမှာ ဆက်တိုက်ဗုံးကြဲချတာ။ ခဏကြာ ကြဲချလိုက် ခဏကြာ ကြဲချလိုက်လုပ်တာ။ အဝေးကနေ လှမ်းကြည့်တာတောင် လှမ်းတွေ့ရတယ်” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်က စစ်ရေးအခြေအနေကိုသိတဲ့ ဒေသခံ တယောက်က “လေကြောင်းနဲ့ ဗုံးကြဲခံရတဲ့နေရာတွေမှာ အခုမနက် မေ ၁၈ ရက်၊ ၁၁ နာရီအထိ မီးလောင် အားကောင်းနေတယ်။ အရပ်သားအများစုက ထွက်ပြေးနေရတာ။ ကြိုပြေးနေတဲ့သူတွေကတော့ အသက်ဘေးက လွတ်လောက်တယ်။ ကြိုမပြေးသူတွေက သေလောက်တယ်” လို့ ပြောပါတယ်။
မေ ၁၆ ရက်နေ့ ည ၈ နာရီကျော်မှာလည်း ဝါးတောကွင်းကျေးရွာ၊ ကြက်ပေါင်ကုန်းကျေးရွာနဲ့ သံပုရွာကုန်းကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အင်္ဂပူဒေသခံတယောက်က “မြို့ပေါ်မှာ လုံခြုံရေးတွေ တိုးချထားတယ်။ စစ်ကြောင်းထိုး ဝင်ရောက်လို့ မရတဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတယ်၊ မေ ၁၆ ရက်နေ့ ည ၈ နာရီကျော်က ဝါးတောကွင်း၊ ကြက်ပေါင်ကုန်းနဲ့ သံပရာကုန်းကျေးရွာကို လေယာဉ်နဲ့ ၃ ကြိမ် ဆက်တိုက်ဗုံးကြဲသွားတယ်။ ထိခိုက်မှုအခြေအနေကိုတော့ ဒီနေ့အထိ မသိရသေးဘူး” လို့ပြောပါတယ်။
အင်္ဂပူမြို့အခြေစိုက်တပ်ရင်းနဲ့နီးစပ်သူတယောက်ကတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ အဲဒီကျေးရွာတွေနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ကွင်းကောက်တပ်ကနေ စစ်ကူပို့နေပေမဲ့ တော်လှန်ရေးတပ်တွေက ရှေ့ဆက်တိုးလာနေတယ်လို့ ဆိုပါတယ်။
မေ ၁၅ ရက်နေ့ကလည်း အင်္ဂပူမြို့နယ် ချင်ကိုက်ကွင်းရွာ စာသင်ကျောင်းနားနဲ့ သစ်စက်နားကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်မှာကို စိုးရိမ်လို့ ရခိုင်-ဧရာဝတီ နယ်စပ်တလျှောက်မှာ လုံခြုံရေးတွေတိုးမြှင့်ချထားပြီး လေကြောင်းကနေ ဒရုန်း အသုံးပြုပြီး ကင်းထောက်တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာအပြင် စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။