Home
မြန်မာသတင်း
မုံရွာတွင် စစ်တပ်က ဗုံးကြဲသဖြင့် ကလေးအပါအ၀င် ပြည်သူ ၄ ဦး သေဆုံး
DVB
·
May 18, 2025
Photo : မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ စက်တပ်လေထီး (Paramotor) နဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ ယောက် အပါအ၀င် ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံ ကိုအာကူးက ပြောပါတယ်။

မုံရွာရဲ့အရှေ့ဘက်က စည်သာလေးရွာနားမှာရှိတဲ့ တောတိုက် (တဲတိုက်) ကို မုံရွာ နမခ ထဲကတက်လာတဲ့ Paramotor နဲ့ ဗုံး ၂ လုံး ကြဲချသွားတာလို့ ဆိုပါတယ်။

မုံရွာခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဒီမို က “တောင်ယာလုပ်ဖို့ အလွယ်တကူ ရွာပြင်ထွက်ပြီး နေကြတဲ့ တဲတိုက်ပါဗျာ။ အိမ်တွေက ၅ အိမ်တောင်မပြည့်ဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ အသားလွတ်ကြဲသွားတာပါ။ ပွဲချင်းပြီးနေရာမှာတင် ဆုံးသွားတာက ၁၀ နှစ်သားလေး အပါအဝင် ၃ ယောက်ပါ။ နောက်ပြီးမှ ၁ ယောက်က ဆေးကုနေရင်း ညနေရောက်မှ ထပ်ဆုံးသွားတာ။ ကျန်တဲ့ ၁ ယောက်ကတော့ ဆေးကုပေးနေတုန်းပဲ။ နေရာမှာတင် ဆုံးသွားသူတွေက တော်တော်လေး ရုပ်ပျက်ဆင်းပျက်တွေပါ။ အလောင်းတွေက မကြည့်ရက်စရာတွေပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မုံရွာမြို့ရဲ့အရှေ့မြောက်ဘက်က အရာတော်မြို့နယ်ထဲမှာရှိတဲ့ ဝါးတန်းကျေးရွာကိုလည်း အဲဒီနေ့ ညနေပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံး ၂ လုံး ထပ်မံကြဲချခဲ့ပြီး ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အခုမေလကုန်အထိ အပစ်အခတ် ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့ နေ့စဥ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024