
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲမှာ စစ်တပ်က လေယာဉ်နဲ့ကြဲချခဲ့တဲ့ ကလပ်စတာ ဆင့်ကွဲပေါက်ဗုံး(Cluster Bomb) ခွံတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ က မေ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကောလင်းခရိုင် တပ်ရင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုလဆန်းပိုင်းတုန်းက ကောလင်းအနောက်ခြမ်းမှာရှိတဲ့ရွာတွေကို စစ်တပ်လေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲသွားခဲ့တယ်။ အဲဒီ ဗုံးကြဲပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေးတွေပြုလုပ်ခဲ့တဲ့အခါမှာ သူတို့ကြဲချခဲ့တဲ့ ကလပ်စတာဗုံးခွံတွေကို ဗုံးကြဲခံခဲ့ရတဲ့ ရွာတွေနားလေးကနေ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ ည ၉ နာရီဝန်ကျင်မှာ ကောလင်းမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ချောင်းနားကျေးရွာ ကျေးလက်ဆေးပေးခန်းနဲ့ ဥက္ကံကျေးရွာက စာသင်ကျောင်းအနီးကို လေယာဉ်နဲ့ဗုံး ၂ ကြိမ်ကြဲချခဲ့လို့ စစ်ဘေးရှောင်တွေဖြစ်ကြတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ယောက် နဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ယောက်တို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက “စစ်တပ်ဟာ ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လူတွေအများကြီး အစုလိုက်အပြုံလိုက်သေစေချင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကလပ်စတာဗုံးတွေ အသုံးပြုတိုက်ခိုက်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဗုံးအသေးလေးတွေ အများကြီးပါဝင်ပြီး ဗုံးပဒေသာလို့ခေါ်တဲ့ အဲဒီ ကလပ်စတာဗုံးတွေဟာ ထပ်ဆင့်ထပ်ဆင့်ပေါက်ကွဲလို့ ထိခိုက်သေဆုံးစေမှုမြင့်မားစေတာကြောင့် နိုင်ငံတကာက တားမြစ်ထားတာကို သူတို့စစ်တပ်ဘက်က အသုံးပြုပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပဲဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မေလကုန်အထိ အပစ်အခတ်ရပ်စဲထားတယ်လို့ ၃ ကြိမ်မြောက် ကြေညာထားပေမယ့်လည်း စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူကိုပစ်မှတ်ထားပြီး မြေပြင်စစ်ကြောင်းထိုးတာတွေ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၂ ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာတွေအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကောလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။