
ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဌာနချုပ်ရှိရာ နေရာတဝိုက်ကို စစ်ကောင်စီတပ်က ဧပြီ ၂၂ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၂ ရက် မနက် ၈ နာရီကနေ ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ PNLO ရဲ့ ဌာနချုပ်နေရာနားနဲ့ နောင်ထောင်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
PNLO ပြန်ကြားရေးတာဝန်ရှိသူက “လွယ်ချယ်ဆိုတဲ့ ဘုန်းကြီးကျောင်းကနေ ကျနော်တို့ ဌာနချုပ် အဝန်းဝိုင်းမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်လာတယ်။ ပြီးတော့ ဆီဆိုင်ရဲ့ တောင်ဘက်ကနေလည်း ပစ်လာတယ်ပေါ့နော်။ ဟောင်ဝစ်ဇာလည်း ပါတယ်။ တချို့အလုံးက ကွဲတယ်။ တချို့အလုံးက မကွဲဘူး” လို့ ပြောပါတယ်။
ဌာနချုပ်အနီးတဝိုက်ကို လက်နက်ကြီးနဲ့ ၈ ကြိမ်၊ နောင်ထောင်ကျေးရွာအနီးကို လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ငလျင်ကြောင့် အပစ်အခတ်ရပ်စဲမှုကို ဧပြီ ၂၂ ရက်ကနေ လကုန်အထိ ရက်တိုးသတ်မှတ်ထားပေမဲ့ လက်တွေ့မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
“စစ်ကောင်စီရဲ့ အပြောနဲ့ လက်တွေ့မညီတဲ့ လုပ်ရပ်တွေက သူတို့ဟာ အေးချမ်းမှုကို မလိုချင်ဘူးဆိုတာ ပေါ်လွင်နေတဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကလည်း PNLO ရဲ့ ဌာနချုပ်ရှိရာနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးပေးခန်းတခု ထိခိုက်ပျက်စီးခဲ့ပါတယ်။