Home
မြန်မာသတင်း
လားရှိုးကို စစ်တပ်ယာဉ်တန်းများ ထပ်ရောက်၊ TNLA နယ်မြေများအတွက် ဖိအားပိုဖြစ်လာ
DVB
·
April 22, 2025

လားရှိုးကို စစ်ကောင်စီယာဉ်တန်းတွေ ၇၀ ဝန်းကျင်လောက် ထပ်ရောက်လာတာကြောင့် ဆက်စပ်ဒေသဖြစ်တဲ့ TNLA ထိန်းချုပ်နယ်မြေတွေအတွက် ဖိအားပိုဖြစ်လာတယ်လို့ နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေက သုံးသပ်ပြောပါတယ်။

လားရှိုးကို ပြန်ပြီးလွှဲပြောင်းယူဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေ ပြန်လည်ဝင်ရောက်နေကြပြီ ဖြစ်ပြီး ဧပြီ ၂၂ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီယာဉ်တန်း ၇၀ ဝန်းကျင်လောက် ရောက်ရှိလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယာဉ်တန်းတွေထဲမှာ လက်နက်ကိုင်တချို့လည်း ပါဝင်တာကို တွေ့ရပြီး အရေအတွက် အတိအကျကိုတော့ မခန့်မှန်းနိုင်ဘူးလို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။

“မနက်အစောပိုင်းမှာ ရောက်လာကြတာ။ မရှိဘူးဆိုရင် အနည်းဆုံး အစီးရေ ၆၀ အထက်လောက်ပဲ။ ကားကြီးရော၊ ကားသေးရော အကုန်ပါတယ်။ ကျန်တာကတော့ သိပ်ထူးခြားတာ မရှိသေးဘူး။ အလံတွေလည်း အရင်ရက်ကတည်းက ဖြုတ်ထားပြီးပြီ။”

လားရှိုးမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းလည်း ရောက်ရှိနေတာဖြစ်ပြီး နယ်မြေကိစ္စနဲ့ တပ်ချထားရေးကိစ္စတွေ အကျေအလည် ထပ်ပြီးဆွေးနွေးနေကြတာကြောင့် ဘာတွေဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရဦးမယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

နေပြည်တော် သတင်းရင်းမြစ်တယောက်ကတော့ ကူမင်းဆွေးနွေးပွဲ သဘောတူညီချက်ဖြစ်တဲ့ မြို့လွှဲပြောင်းရေးနဲ့ သုံ့ပန်းလဲလှယ်ရေးတွေကို တရုတ်က အကောင်အထည် ဖော်ပေးနေတာ ဖြစ်ပြီး ထပ်ပြီး ကြီးကြီးမားမား ဆွေးနွေးစရာမရှိဘူးလို့ ပြောဆိုထားပါတယ်။

လားရှိုးကို စစ်ကောင်စီဘက်က ပြန်ပြီးဝင်ရောက်လာတာက နယ်မြေတဆက်တည်းရှိနေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသအတွက်တော့ ဖိအားကြီးကြီးမားမား ရှိတယ်လို့ တအာင်းနိုင်ငံရေးသုံးသပ်သူတယောက်က ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေပြီး ဧပြီ ၂၂ ရက်ကလည်း နောင်ချိုမြို့နယ်အတွင်းကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“လားရှိုးပြန်ပေးပြီ ဆိုကတည်းက ကျနော်တို့အပေါ် ဖိအားဘယ်လောက်အထိ ရှိမလဲဆိုတာ ဆရာတို့လည်း ခန့်မှန်းမိမှာပါ။ ကျနော်တို့က နယ်မြေဆက်စပ်နေတဲ့ဟာလေ။ အဓိက နမ္မတူ ကျသွားမယ်ဆိုရင် မန်တုံ၊ နမ့်ဆမ်ကို ထိန်းချုပ်လို့ရသွားမယ်။ အဲလိုဖြစ်နေတယ်။ နောင်ချိုရသွားရင် ကျောက်မဲကို ဝင်လာဖို့ လမ်းကြောင်းအများကြီး ရှိသွားပြီ၊ တအားခက်တယ်။”

လားရှိုးကိစ္စပြီးရင် တရုတ်ဘက်က TNLA နဲ့ စစ်ကောင်စီနဲ့အကြား ဆွေးနွေးဖို့အတွက် လုပ်ဆောင်နေတယ်လို့လည်း နေပြည်တော် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဖိအားပိုဖြစ်လာနေတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

လက်ရှိမှာ ကိုးကန့်တပ် MNDAA က အပစ်ရပ်လိုက်တဲ့အတွက် ရှမ်းမြောက်မှာ စစ်ကောင်စီ ပစ်မှတ်ထားစရာ TNLA တဖွဲ့ပဲ ကျန်တော့တာဖြစ်ပြီး တရုတ်ရဲ့ ဖိအားကလည်း ပုံစံမျိုးစုံနဲ့ ရှိလာနိုင်တာကြောင့် စိုးရိမ်ရမယ့် အခြေအနေလို့ ဆိုပါတယ်။

“TNLA အတွက်ကတော့ စိုးရိမ်စရာအနေအထားပဲ။ လားရှိုးမှာ ခံစစ်အနေနဲ့ပဲ နေရမယ် ဆိုပေမဲ့လည်း ကိုးကန့်နဲ့က အပစ်ဆိုင်းထားတယ်။ အပစ်ဆိုင်းထားတော့ ရှမ်းမြောက်မှာ ဉီးတည်ရမယ့် ရန်သူက TNLA တဖွဲ့တည်းပဲ ရှိတော့မယ့် သဘောမျိုးကို သက်ရောက်သွားတယ်။ အဲဒီအတွက် စစ်ရေးဖိအားရော၊ ကိုးကန့်နဲ့ စကားပြောပြီးရင်လည်း TNLA က တရုတ်နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပေမဲ့လည်း ကျန်တဲ့ MNDAA တို့၊ UWSA တို့လို အဖွဲ့မျိုးတွေနဲ့ သွယ်ဝိုက်ပြီးတော့ ဖိအားပေးတာတွေ လုပ်လာနိုင်တယ်။”

လက်ရှိမှာတော့ တရုတ်ရဲ့ဖိအားကြောင့် တော်လှန်ရေးအပေါ် ထိခိုက်မှုရှိနေတယ်လို့လည်း တအာင်းနိုင်ငံရေးလေ့လာသူတယောက်က ပြောပါတယ်။

လားရှိုးအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရော TNLA ဘက်ကပါ တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024