
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာ တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက် ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကို ခုခံနေတဲ့ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာက စစ်ကောင်စီခံတပ်ထဲက တပ်ဖွဲ့ဝင် ၁၁ ယောက်ဟာ ဧပြီ ၁၈ ရက်က ထွက်ပြေးခဲ့ပြီး ဧပြီ ၂၀ ရက်မှာ စစ်ကောင်စီတပ်က ထွက်ပြေးသူတွေထဲက ၉ ယောက်ကို ပြန်လည်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သတင်းပေးတွေကြောင့် ၉ ယောက် ပြန်အဖမ်းခံရတာ။ ၂ ယောက် လွတ်သွားတယ်။ ထွက်ပြေးတယ် ဆိုတာသိပြီး ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေက အသည်းအသန် လိုက်ရှာကြရင်း ပြန်ဖမ်းမိခဲ့တာ။ တပ်ကြပ်အဆင့်ရှိသူတွေပါ ပါတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အဲဒီ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းအပတ်စဉ် ၈ မှာ စုဆောင်းခံရပြီး စစ်သင်တန်း တက်ရောက်ခဲ့ရသူတချို့နဲ့ တပ်ကြပ်အဆင့်တချို့ ပါဝင်တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ် ဒေသခံ အမျိုးသမီးတယောက်က “တိုက်ပွဲတွေမှာ စိတ်ဓာတ်တွေကျပြီး ထွက်ပြေးတာပေါ့။ စိတ်ထဲတွေ မကောင်းဘူး။ ဒီဘက်လာရှာသေးတယ်။ အိုင်သပြုဘက်မှာ တွေ့သွားပြီး ပြန်အဖမ်းခံရတာ” လို့ ပြောပါတယ်။
ပြန်လည်ဖမ်းဆီးခံလိုက်ရတဲ့ စစ်မှုထမ်းတပ်သားတွေ အပါအဝင် တပ်ဖွဲ့ဝင် ၉ ယောက်ကို စစ်ကောင်စီတပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးနေတယ်လို့ သိရပါတယ်။