
အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်က မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်း ၁ ရက်နေ့မနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က လေးမျက်နှာမြို့နယ် ယိုးဒယားကွင်း ကျေးရွာနဲ့ ပတ်ဝန်းကျင်တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့ခံ တယောက်က “၂ ခါ ဗုံးလာကြဲသွားတာ။ တကယ်မထင်ထားဘူး။ အိမ်တွေ မီးလောင်နေတယ်။ အိမ်ဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိရသေးဘူး။ အပျက်အစီးများမယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေရဲ့ နေအိမ်တွေ ပျက်စီးတာအပြင် စပါးကျီနဲ့ အခြားအဆောက်အအုံတွေပါ ထိခိုက်တာရှိတယ်လို့ ဆိုပါတယ်။
လေးမျက်နှာဒေသခံ ဝန်ထမ်းတယောက်က “အခု စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်တဲ့နေရာက စစ်ပွဲဖြစ်နေတဲ့နေရာ မဟုတ်ပါဘူး။ အရပ်သားတွေ စစ်ရှောင်နေရတဲ့ နေရာပါ။ စစ်ကောင်စီတပ်ဘက်က တော်လှန်ရေးတပ်တွေရှိနေတယ်လို့ ယူဆပြီးလုပ်တာ” လို့ ပြောပါတယ်။
အဲ့ဒီဒေသတွေမှာ စစ်ကောင်စီတပ် လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် လူထိခိုက်တာရှိနိုင်ပြီး လေကြောင်းနဲ့ တိုက်ခိုက်ပြီးနောက် ညနေ ၄ နာရီအချိန်ကနေ ဧပြီ ၁၈ ရက် မနက်အထိ အဲ့ဒီ ဒေသတွေမှာ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဟင်္သာတနဲ့ လေးမျက်နှာမြို့နယ်ရဲ့ အစပ်နေရာတွေမှာလည်း ဧပြီ ၁၈ ရက် မနက်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ပျံဝဲနေတယ်လို့ ဆိုပါတယ်။