
မြန်မာ့နှစ်ဆန်း ၂ ရက် ဧပြီ ၁၈ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ လေးမျက်နှာ မြို့နယ်အနောက်ခြမ်းရှိ ပန်းတောကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်အများအပြား မီးလောင်ပြီး ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်မှာ ဧပြီ ၁၅ ရက်ကနေ ၁၈ ရက် နေ့လယ်အထိ စစ်ကောင်စီတပ်နဲ့ အာက္ခတပ်တော် (AA) မဟာမိတ် PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဧပြီ ၁၈ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံး ၆ လုံးထက်မနည်း ကြဲချခဲ့တာလို့ ဆိုပါတယ်။
ပန်းတောကြီးရွာခံတယောက်က "AA နဲ့ အဖွဲ့တွေက ထိန်းချုပ်ထားပြီး မြေပြင်မှာ မတတ်နိုင်တော့တဲ့ အဆင့်ရောက်တော့မှ စစ်ကောင်စီတပ်က ဗုံးကြဲတာ။ အခုရွာ မီးလောင်နေတာ အကြီးအကျယ်။ ရုတ်တရက် လေယာဉ်နဲ့ လာပစ်တာ။ အကုန်ပြေးနေရတာ"လို့ ပြောပါတယ်။
ပန်းတောကြီးကျေးရွာဟာ အပိုင်း ၁ ကနေ အပိုင်း ၆ အထိ ပိုင်းခြားထားတဲ့ရွာဖြစ်ပြီး လက်ရှိ မီးလောင်နေတဲ့ နေရာဟာ အပိုင်း ၃ မှာ တည်ရှိကာ နေအိမ်တွေ မီးလောင်နေတဲ့အပြင် အရပ်သားတွေ သေဆုံး၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံ စစ်ရှောင်တယောက်က "လက်ရှိ မီးလောင်နေတဲ့ မီးတောက်တွေကို ပန်းတောကြီး ရွာအနီးမှာရှိတဲ့ ဆီဆုံကုန်း၊ အောင်ဘော်၊ ပန်းတောပေါက်၊ ရေဖြူရွာတွေကနေ လှမ်းမြင်နေရတယ်။ အဆက်အသွယ် မရတဲ့သူတွေလည်း ရှိနေတယ်။ ပိတ်မိနေတာလား၊ ဘာဖြစ်နေလဲ မသိရဘူး” လို့ ပြောပါတယ်။
လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် မီးလောင်နေတဲ့ ရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ အရပ်သားတွေဟာ လေးမျက်နှာ၊ အိုင်သပြု၊ ဟင်္သာတဘက် တိမ်းရှောင်ကြသလို တချို့က ရွာအနီးဝန်းကျင်မှာပဲ အခြေအနေကို စောင့်ကြည့်နေကြသူတွေလည်း ရှိပါတယ်။
ပန်းတောကြီးကျေးရွာဟာ ပုသိမ်-မုံရွာကားလမ်းမအနီးမှာ တည်ရှိသလို လေးမျက်နှာမြို့နယ် ရုံးစိုက်ရာ၊ ငဝန်မြစ်ကမ်းအနီး တည်ရှိပြီး လေးမျက်နှာမြို့နယ်နဲ့ ၁၁ မိုင်အကွာလောက်မှာ တည် ရှိပါတယ်။