
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ် ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်စစ်ဘေးရှောင် ၃ ယောက်ကို စစ်ကောင်စီ လက်အောက်ခံ ရေကြည်တရားရုံးက မတ် ၁၄ ရက်မှာ ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့သူ ၃ ယောက်ဟာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဧရာဝတီတိုင်းမှာရှိတဲ့ မိသားစုတွေဆီ စစ်ဘေးရှောင်လာရင်း ၂၀၂၄ ခု နိုဝင်ဘာ ၁၄ ရက်က ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီး စွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
တရားရုံးနဲ့ နီးစပ်သူတယောက် က “အဖမ်းခံရတဲ့ ၃ ယောက်လုံးထောင်ဒဏ်ချခံရတာ။ အဓိက ကတော့ AA တပ်သားတွေဆိုပြီး အမိန့်ချတာလို့ သိရတယ်။ အကြမ်းဖက်အဖွဲ့က တပ်ဖွဲ့ဝင်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၆ နှစ်စီ အမိန့်ချတာ” လို့ ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေဟာ သာမန်အရပ်သားတွေဖြစ်ပြီး ဂွမြို့နယ်က အသက် ၂၀ ကျော်အရွယ် ၂ ယောက်နဲ့ အမ်းမြို့နယ်က အသက် ၃၀ ကျော်အရွယ်တယောက်ဖြစ်တယ်လို့ ဖမ်းဆီးထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်၊ ကြံခင်းမြို့နယ်မှာရောက်နေတဲ့ ရခိုင်က စစ်ဘေးရှောင် အမျိုးသမီး တယောက်အပါအဝင် ၄ ယောက်ကိုလည်း ၂၀၂၄ ခု အောက်တိုဘာ ၁၁ ရက်က ဖမ်းဆီးထားပြီး ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။