
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဆိုင်ကယ် ကယ်ရီသမားတွေ အပါအဝင် အရပ်သား ၁၈ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် တနှစ်နဲ့ ၂ နှစ်သားကလေးငယ် ၃ ယောက် အပါအဝင် စစ်ဘေးရှောင် ၁၄ ယောက်နဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူ ၄ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မတ် ၈ ရက်နဲ့ ၁၁ ရက်တွေမှာ ဖမ်းဆီးထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
သာပေါင်းဒေသခံတယောက်က “သာပေါင်းမြို့နယ်ကနေ တောလမ်းအတိုင်း ရခိုင်ပြည်နယ် ဂွမြို့နယ်ကိုပြန်တဲ့လမ်းမှာ လိုက်ပို့တဲ့ ဆိုင်ကယ်အငှားမောင်းသူတွေနဲ့ စစ်ဘေးရှောင်တွေကို စစ်ဆေးဖို့ဆိုပြီး ဖမ်းဆီးထားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေအားလုံး ဒီနေ့ မတ် ၁၃ ရက်အထိ ပြန်မလွတ်လာသေးဘဲ စစ်ဘေးရှောင်တွေက ရခိုင်ပြည်ကနေ စစ်ရှောင်လာသူတွေဖြစ်ပြီး ဆိုင်ကယ်မောင်းသူတွေက သာပေါင်းက ဒေသခံတွေလို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “အခုအဖမ်းခံရသူတွေက ဧရာ၀တီတိုင်းထဲကိုလာပြီး စစ်ဘေးတိမ်းရှောင်နေတဲ့ သူတွေပါ။ AA ထိန်းချုပ်ထားတဲ့နယ်မြေတချို့မှာ တိုက်ပွဲတွေမရှိတော့တာကြောင့် နေရပ်ကို ပြန်ကြတာပေါ့နော်။ ဆိုင်ကယ် ကယ်ရီငှားပြီး နေရပ်ပြန်ရင်း အဖမ်းခံရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဘေးရှောင်နဲ့ ဆိုင်ကယ် ကယ်ရီမောင်းသူတွေကို လက်ပြန်ကြိုးတုပ် ခေါ်သွားတာဖြစ်ပြီး မှတ်ပုံတင်တွေပါ သိမ်းယူကာ လက်ရှိ ဖမ်းဆီးခံရသူတွေကို ရေကြည်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ သာပေါင်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်၊ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ရခိုင်မှတ်ပုံတင် ကိုင်ထားသူတွေကို အဓိက ဖမ်းဆီးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။