
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင် အယောက် ၂၀ ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သာပေါင်းနဲ့ ရေကြည် ဆက်သွယ်ထားတဲ့ ဘုရားကြီး-သာပေါင်း လမ်းပေါ်မှာ မနေ့ မတ် ၉ ရက်က စစ်ဘေးရှောင် အယောက် ၂၀ ခန့်ကို AA တပ်ဖွဲ့ဝင် သတင်းပေးတွေဆိုပြီး ဖမ်းသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ဘေးရှောင်တွေကို AA သတင်းပေးတွေလို့ ပြောဆို ဖမ်းဆီးခဲ့တာ။ မရမ်းချိုနဲ့ ဘုရားကြီးကျေးရွာအနီး ရောက်နေတဲ့ စစ်ဘေးရှောင်တွေကို ဖမ်းသွားတာ။ မိန်းကလေးတွေပါ အဖမ်းခံရတာ” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရသူတွေဟာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တိုက်ပွဲဖြစ်ပွားတာကြောင့် ရခိုင်ပြည်နယ် ဂွ၊ သံတွဲ၊ အမ်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေဖြစ်ပြီး အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၄ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးနေသူက “အဖမ်းခံရတဲ့သူတွေက အရပ်သားတွေပါ။ ရေကြည်မြို့မရဲစခန်းမှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်။ ဖမ်းတဲ့သူတွေက ရဲနဲ့ စစ်ကောင်စီတပ်အပြင် အရပ်ဝတ်နဲ့သူတွေပါတယ်” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်၊ ငသိုင်းချောင်း-ဂွ လမ်းတလျှောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ စစ်ရှိန်မြင့်လာပြီးနောက် စစ်ကောင်စီဘက်က အရပ်သားတွေကို ဖမ်းဆီး စစ်ဆေးမှုတွေလုပ်ပြီး သတ်ဖြတ်မှုတွေပါ ကျူးလွန်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။