
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း တောင်ပေါ်ချင်းကျေးရွာတွေက ဒေသခံပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ကော်ဖီ မခူးယူနိုင်ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ပေါ်ချင်းရွာတွေမှာ ကော်ဖီကို အရင်ကတည်းက စီးပွားဖြစ် စိုက်ပျိုးကြပြီး နှစ်စဥ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာ ကော်ဖီသီး ခူးယူကြတာပါ။
အရင်နှစ်တွေက ကော်ဖီစေ့ တပိဿာ ၁၂,၀၀၀ ဝန်းကျင် ဈေးပေါက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကော်ဖီစေ့ တပိဿာ ၃၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေခဲ့တာပါ။
ဒေသခံတွေဟာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတဲ့အတွက် ကော်ဖီမခူးနိုင်တော့တာပါ။
ဒေသခံတယောက်က “အရင်နှစ်တွေကဆို ဈေးမရဘူး၊ ဝယ်မယ့်သူလည်းမရှိဘူး။ ဒီနှစ်ကျ ဈေးကောင်းတယ်၊ ရွာမှာ ဝယ်မယ့်သူလည်းရှိတယ်။ တိုက်ပွဲတွေဖြစ်တော့ အခင်းထဲမှာ ကော်ဖီသွားခူးရမှာ ကြောက်နေကြတာပေါ့နော်။ တချို့တွေတော့ ကော်ဖီခူးမယ်ဆိုပြီး စစ်ဘေးမရှောင်ဘဲ ရွာမှာနေခဲ့ကြတာတွေရှိတယ်။ ဒီရက်ပိုင်း လေကြောင်းလာပစ်တာ ၂ ခါရှိပြီဆိုတော့ သူတို့လည်း မနေရဲကြတော့ဘူး” လို့ ပြောပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းဟာ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေကို အင်အားဖြည့်တဲ့အခါ အသုံးပြုတဲ့ လမ်းကြောင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
သီရိ