
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ မတ် ၈ ရက် မနက် ၄ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား ၅ ယောက်ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကာ ပကဖ ရဲဘော်တယောက်လည်း ကျဆုံးခဲ့တယ်လို့ ပဲခူးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အုတ်တွင်းမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းက ကျောက်တိုင်ရွာနားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တာလို့ ပဲခူးခရိုင် ပကဖ စစ်ရေး တာဝန်ခံက ပြောပါတယ်။
“အဲဒီစခန်းမှာ သူတို့ဘက်က ၁၀ ယောက်ပဲရှိတယ်။ ကျွဲပွဲကနေ လူခွဲပြီးတော့ ကျောက်တိုင်နားမှာ ရှေ့ပြေးကင်းစခန်းသဘော ဂိတ်ဖွင့်ထားပြီး လာထိုင်ကြတာ။ တိုက်ပွဲက တနာရီခွဲလောက်ပဲ ကြာခဲ့တယ်။ ဒရုန်းနဲ့ကော မြေပြင်ကနေကော ဝင်တိုက်တော့ စခန်းရတယ်။ ၅ ကောင် သေနေတာတော့ မျက်မြင်ပါ။ ဒဏ်ရာရတဲ့ကောင်တွေ အပါအဝင်ပေါ့၊ ကျန်တဲ့ကောင်တွေ ထွက်ပြေးသွားကြတယ်။ စခန်းထဲဝင်စီးနိုင်လိုက်တော့ သေနတ် ၆ လက်နဲ့ တခြားအသုံးအဆောင်တချို့ သိမ်းခဲ့နိုင်တယ်။ ကျွဲပွဲဘက်က သူတို့ကောင်တွေနဲ့က အခုထိတော့ စစ်ရေးတင်းမာနေတယ်” လို့ DVB ကို ပြောပါတယ်။
တိုက်ပွဲအတွင်း အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးတပ်ဖွဲ့က ရဲဘော်တယောက် ကျဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်းကနေ MA1 သေနတ် ၂ လက်၊ G3 သေနတ် ၂ လက်၊ MA11 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ခု၊ G3 ကျည်အတောင့် ၂၀၀ နဲ့ 5.56 ကျည်အတောင့် ၂၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ဗျူဟာ ၂၃၊ တပ်ရင်း ၃၅၀၂၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတိုက်ခိုက်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိ၀ီရိယထား နေထိုင်သွားလာကြဖို့ ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။