ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲအနီးက တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ၂၀၂၅ ခုနှစ် ၃ လတာအတွင်း Southern Shan Revolutionary Youth-SSRY တပ်ရင်းက ရဲဘော် ၅ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းက တဆင့်သိရပါတယ်။
မတ် ၈ ရက်မှာ တပ်ရင်းက ရဲဘော် ပြည့်ဖြိုးဇင် ခေါ် ကိုပြည့် ကျဆုံးခဲ့ရပြီး ၉ ရက်မှာ တော့ ကျဆုံးရဲဘော်အတွက် ဈာပနအခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။
တပ်ရင်း တာဝန်ရှိသူက “အရင်လက ကျသွားတဲ့ ရဲဘော် ၃ ယောက်နဲ့အတူတူ ထိတဲ့ရဲဘော်ပါ။ မနေ့က ကျသွားတာ။ သူက သရက်ရွက်လှီးထုတ်လိုက်ရပြီး ခွဲစိတ်မှု ၄ ကြိမ်လောက် လုပ်လိုက်ရတယ်”လို့ ပြောပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရဲဘော် ၁ ယောက် ကျဆုံးရပြီး ဇန်နဝါရီ ၂၇ ရက်မှာ ၃ ယောက် ကျဆုံးခဲ့ရကာ မတ် ၈ ရက်မှာ ရဲဘော် တယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော်တွေကို အာဇာနည် သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးထားပြီး တော်လှန်ရေးအတွက် ဆက်လက်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
မိုးဗြဲမှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ရရှိနိုင်ဖို့အတွက် စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ မီးလောင်ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။