
ရုရှားအကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့တွေဟာ မွတ်ဆလင်အများစု တည်ရှိနေထိုင်ကြတဲ့ ဒါဂတ်စတန်ဒေသမှာ အစ္စလာမ္မစ်နိုင်ငံတော် သောင်းကျန်းသူအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွ ၄ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ရုရှားရဲ့ ထိပ်တန်း အကြမ်းဖက်မှုတိုက်ဖျက်ရေး အေဂျင်စီကို ကိုးကားပြီး မတ် ၅ ရက်က ရုရှားသတင်းအေဂျင်စီတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒါဂတ်စတန်ဒေသရဲ့ အကြီးဆုံးမြို့တော် မာကက်ချ်ကာလာရဲ့ အစွန်အဖျားမှာ သံသယရှိသူ စစ်သွေးကြွတွေ ပါရှိတဲ့ မော်တော်ကားကို ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပြီး သူတို့ကို ဖမ်းဆီးဖို့ ကြိုးပမ်းစဉ်မှာ ပစ်ခတ်နှိမ်နင်းခဲ့တာလို့ RU-24 သတင်းဌာနက ဖတ်ကြားသွားပါတယ်။
ဒီစစ်ဆင်ရေးအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု သို့မဟုတ် တရားဥပဒေစိုးမိုးရေး ဝန်ထမ်းတွေအကြား ဆုံးရှုံးမှု မရှိခဲ့ကြောင်း TASS အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါဂတ်စတန်ဒေသရှိ အကြမ်းဖက်မှုတွေနဲ့ စစ်သွေးကြွတွေဟာ သမ္မတ ဗလာဒီမာပူတင်အတွက် စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့ပြီး ဇွန်လက အနည်းဆုံး လူ ၂၀ သေဆုံးခဲ့တဲ့ ဘုရားကျောင်းတွေနဲ့ ဂျူးဝတ်ပြုဆောင်တွေ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ခံရမှုနဲ့ ၂၀၂၃ ခုနှစ်က မာကက်ချ်ကာလာ လေဆိပ်ကို စီးနင်းတိုက်ခိုက်ခံရမှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။
စစ်သွေးကြွတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာဌာနခွဲတခုကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေး ကော်မတီက RIA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာနဲ့ အနီးမှာ ဒုံးပျံသုံး လောင်ချာတွေ၊ ကိုယ်တိုင်လုပ် ဖောက်ခွဲရေးပစ္စည်းတွေ၊ လက်ပစ်ဗုံးတွေ၊ ခဲယမ်းမီးကျောက်တွေ၊ မောင်းပြန်ရိုင်ဖယ်တွေနဲ့ စက်သေနတ်တွေကို တွေ့ရှိခဲ့တယ်လို့ ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ကိုယ်စားလှယ် အလက်ဇန်းဒါး ပရိုနင်က ပြောဆိုပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို ရုရှားနိုင်ငံရှိ တားမြစ်ထားတဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အစ္စလာမ္မစ်နိုင်ငံတော်မှ ကြီးကြပ်ကွပ်ကဲခဲ့တာလို့လည်း ဆိုပါတယ်။
Source : Reuters