
ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတ် ၄ ရက် ညနေပိုင်းမှာ မော်စကိုမြို့၊ရှိ ကရင်မလင်နန်းတော်မှာတွေ့ဆုံခဲ့ပြီး အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ မြန်မာနိုင်ငံမှာ ဆောက်လုပ်ဖို့ အပါအဝင် နှစ်နိုင်ငံသဘောတူညီချက်စာချုပ်တွေ လက်မှတ်ရေးထိုး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံအကြားမှာ စိတ်ချယုံကြည်ရတဲ့ ဆက်ဆံရေးလည်းရှိပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှုကို အဓိကထားဆွေးနွေးချင်တဲ့အကြောင်း၊ ၁၉၄၈ ခုနှစ်ကစလို့ ရုရှားနိုင်ငံက မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံကို အကူအညီတွေပေးခဲ့သလို ပညာရှင်တွေကိုလည်း ကူညီပေးခဲ့ကြောင်း၊ ဆိုဗီယက်ပြည်ထောင်စုရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်မှာ အရေးကြီးတဲ့စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး အခုလက်ရှိမှာလည်း ရုရှားက မြန်မာနိုင်ငံကို အားပေးကူညီနေတယ်၊ မြန်မာစက်မှုစီးပွားရေး အခန်းကဏ္ဍမှာလည်း အကူအညီပေးနေသလို မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေ ကောင်းမွန်စေဖို့အတွက်ကိုလည်း ထောက်ခံအားပေး နေတယ်လို့ သမ္မတပူတင်က ပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ကုန်သွယ် ရေးပမာဏ ၄၀ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့ပြီး ဒေါ်လာ သန်း ၂၀၀၀ လောက်ရှိတယ်၊ အပြန်အလှန်ကုန်သွယ်ရေးကို တိုးတတ်စေဖို့ အဆင်သင့်ရှိပြီး ချေးငွေနဲ့ဘဏ္ဍာရေးနယ်ပယ်မှာလည်း ပူးပေါင်း ဆောင်ရွက်နေတယ်၊ စွမ်းအင်အခန်းကဏ္ဍမှာလည်း ပူးပေါင်းဆောင်ရွက်ရှိပြီး အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ် တိုးတက်ရေး၊ မြန်မာနိုင်ငံမှာ အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအတွက် သဘော တူညီခဲ့ပါတယ်၊ မြန်မာနိုင်ငံ စီးပွားရေးအတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ပေါပေါများများ ပေးနိုင်ပါမယ်လို့ ပူတင်က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှား နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးပါပြီး ယုံကြည်ရတဲ့ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တယ်။ ဒါကြောင့်အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုတွေနဲ့အခြေခံ တည်ဆောက်ထားတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တန်ဖိုးထားတယ်လို့ ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေးရည်မှန်ချက်တွေ ပြည့်မီဖို့ဆောင်ရွက်တဲ့အချိန်မှာ ရုရှားနိုင်ငံက ဒေသတွင်းရဲ့ နိုင်ငံတကာမျက်နှာစာတွေမှာမြန်မာနိုင်ငံအပေါ်မှာ စဉ်ဆက်မပျက်ထောက်ခံပေးမှုတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ သမ္မတပူတင်အနေနဲ့ အခါအခွင့်သင့်တဲ့အချိန်မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက် နိုင်ဖို့အတွက်ကိုလည်း ဖိတ်ကြားတဲ့အကြောင်း မြန်မာ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် နှစ်ဖက်ယုံကြည်စိတ်ချစွာ ဆွေးနွေးမှုတွေကြောင့် သဘောတူညီချက် ၁၀ ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒီခရီးစဉ်အတွင်း စိန့်ပီတာစပတ်မြို့နဲ့ နိုဗာစီဘစ်ရ်စ်ခ်မြို့တို့မှာ မြန်မာကောင်စစ်ဝန်ရုံးတွေ တရားဝင်ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေ သဘောတူညီချက်တွေနဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့တဲ့အထဲမှာ နှစ်နိုင်ငံအကြား ပညာရေးအရည်အချင်းသတ်မှတ်ချက်နဲ့ ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီတွေပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက် အခွန်ဆိုင်ရာကိစ္စရပ်များဆိုင်ရာ သဘောတူညီချက်၊ ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန် လွှာတွေ၊ ယဉ်ကျေးမှုနဲ့ အားကစားကဏ္ဍ၊ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာမှာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာစတာတွေပါဝင်ပါတယ်။
စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ တပတ်ကြာ ရုရှားနိုင်ငံခရီးမှာ မနေ့က ရုရှား လွှတ်တော်ဥက္ကဋ္ဌ ဗလန်တီနာမတ်ဗီယန်ကိုနဲ့လည်းတွေ့ ဆုံခဲ့ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရ ရွေးကောက်ပွဲကျင်းပရေးနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပချိန် ရုရှားလွှတ်တော်မှ လေ့လာရေး အဖွဲ့တွေ စေလွှတ်ပေးဖို့ကိစ္စ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ် မီခေးလ်ဗလာဒီမီရိုဗစ် မီရှုစတင်မ်နဲ့ လည်း အိမ်တော်အစည်းအဝေးခန်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရေးနဲ့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကို လာရောက်ရေး ဖိတ်ခေါ် ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရုရှားယဉ်ကျေးမှုဗဟိုဌာနဖွင့်ဖို့နဲ့ ရန်ကုန်မြို့မှာ ပထမဆုံး အော်သိုဒေါ့ ခရစ်ယာန် ရုရှားဘုရား ရှိခိုးကျောင်း တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ လည်းသိရ ပါတယ်။
ဒါ့အပြင် ရုရှားဘာသာစကားကို ရန်ကုန်နဲ့ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်နဲ့ စစ်တက္ကသိုလ်မှာ သင်ပေးနေသလို ရုရှားတက္ကသိုလ်မှာလည်း မြန်မာနိုင်ငံမှသင်တန်းသား၊ သင်တန်းသူ ဦးရေ ၃၀၀ ခန့် တက်ရောက်ပညာသင်ကြားနေပြီး ရုရှားနိုင်ငံတက္ကသိုလ်အသီးသီးကနေ ပညာရပ်တွေ သင်ယူတတ်မြောက်ခဲ့တဲ့ မြန်မာနိုင်ငံမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀၀၀၀ လောက် ရှိပြီလို့လည်း သိရပါတယ်။
မြန်မာစစ်ခေါင်းဆောင်ရဲ့ အခု ရုရှားနိုင်ငံကိုသွားတဲ့ ခရီးစဉ်ဟာ ၄ ကြိမ်မြောက် ရုရှားခရီးစဉ်လည်းဖြစ်ပြီး အာဂျင်တီးနားနိုင်ငံ တရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ပြီးနောက် ပြည်ပကို ပထမဆုံးအကြိမ်သွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
Photo: Reuters