
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က မိုးဗြဲ လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဇူလိုင် ၃ ရက်က ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲကိုရရှိဖို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာကြောင့် တော်လှန်ရေးအင်အားစုနဲ့ ၇ လကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့တာပါ။
မြေပြင်သတင်းရင်းမြစ်တယောက်က “မိန်းလမ်းမကြီးကို သူတို့ထိန်းချုပ်ထားတာ၊ မြို့ထဲမှာတော့ တိုက်ပွဲတွေဖြစ်နေတုန်းပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲကိုရနိုင်ဖို့ မြေပြင်ကနေ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ နေ့ညမပြတ် ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကို ဆက်တိုက် ပြုလုပ်နေတာပါ။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ပေါ်တာဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုလည်း အသုံးပြု တိုက်ခိုက်ခိုင်းနေပြီး နှစ်ဖက်အထိအခိုက် အကျအဆုံးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဇွန် ၃၀ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် မိုးဗြဲလမ်းမကြီးကို ပြည်သူတွေ အသွားအလာမလုပ်ကြဖို့ သတိပေးထားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပြန်လည်ဆုတ်ခွာခဲ့ရလို့ မိန်းလမ်းမကို စစ်ကောင်စီက ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မိုးဗြဲတိုက်ပွဲမှာ SSNDF/KNDF ဗျူဟာ အမှတ် ၉ ရဲ့ တပ်ရင်း B-101 နဲ့ B-102 က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းတွေက ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၉ ရက် မိုးဗြဲရှေ့တန်းတိုက်ပွဲမှာ တပ်ရင်း B-101 က အသက် ၂၁ နှစ်အရွယ် ရဲဘော် ကျော်စိန်လင်း(ခ)အားစိန် ကျဆုံးခဲ့ရသလို တပ်ရင်း B-102 က အသက် ၂၈ နှစ်အရွယ် တပ်စိတ်မှူး ရဲမင်းအောင်(ခ)အရှည်ကြီးဟာ ဇွန် ၃၀ ရက်မှာ လက်နက်ကြီးအစ ရင်ဘတ်ထိမှန် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တပ်ရင်း B-101 ပြန်ကြားရေးတာဝန်ရှိသူက “မိုးဗြဲမှာ ဇွန်လ ၂၉ ရက်နေ့ ရန်သူက အင်အားအများနဲ့ ကျနော်တို့ ကာကင်းတွေကို ဝင်လုံးတာပေါ့။ ရန်သူ့ထိုးစစ်ကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ရင်း လက်နက်ကြီး ထိမှန်ပြီး အသက်ပေးဆပ်လိုက်ရတာဗျာ။ မိုးဗြဲက အခုရက်ပိုင်း နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်နေတာဗျ။ လက်နက်ကြီးနဲ့ တနေကုန် နေ့ညမပြတ် ပစ်တယ်” လို့ ပြောပါတယ်။
ရဲဘော်အားစိန် ကျဆုံးခဲ့ရလို့ ဈာပနပြုလုပ်ပြီးချိန်မှာပဲ ရဲဘော်အရှည်ကြီးက ထပ်မံကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
မိုးဗြဲကိုရဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လက်နက်ကြီး၊ ဒရုန်း အပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။
မိုးဗြဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြသေးဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။