
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကနေ ရန်ကုန်မြို့ကို သွားရောက်ကြတဲ့ ရခိုင်လူငယ် အယောက် ၅၀ ကို စစ်ကောင်စီက ပဲခူးတိုင်း၊ ပြည်မြို့မှာ ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းသင်တန်းကို ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တောင်ကုတ်မြို့ကနေ ရန်ကုန်မြို့ကိုသွားတဲ့ လူငယ် ၅၀ ခန့်ကို စစ်ကောင်စီက ပြည်မြို့ နဝဒေးတံတားဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲမှာ ထိန်းသိမ်းထားကာ အဲဒီကနေတဆင့် စစ်မှုထမ်းသင်တန်းကို ပို့ဆောင်တာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“အခုဖမ်းဆီးခံရသူတွေက ရန်ကုန်ကို သွားကြတာမှာ ပြည်မြို့ နဝဒေတံတားဂိတ်မှာ စစ်ကောင်စီထံ ဖမ်းဆီးခံကြရတာ။ သူတို့က ရန်ကုန်ကို ပွဲစားတွေနဲ့ သွားကြတာ။ အဲဒီဂိတ်မှာ ဖမ်းဆီးခံရပြီးတော့ အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲကို ပို့ဆောင်ပြီးမှ စစ်မှုထမ်းသင်တန်း တပ်သားစုဆောင်းရေးကို ပို့ဆောင်ခံထားရတယ်လို့ သိရတယ်။ ပွဲစားတွေကလည်း ဘာမှလုပ်ပေးတာမရှိဘူး။ လူငယ်တွေဆိုတော့ စစ်သင်တန်းပို့ပြီး ရှေ့တန်းပို့ခံရမှာ စိုးရိမ်နေရတယ်။”
အခုဖမ်းဆီးခံရသူတွေဟာ ဇွန် ၂၅ ရက်မှာ အယောက် ၂၀ နဲ့ ဇွန် ၂၇ ရက်မှာ အယောက် ၃၀ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးငယ်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
သူတို့တွေထဲမှာ ရန်ကုန်မှာ ပညာသင်ဖို့ သွားကြသူတချို့ ပါသလို တချို့မှာ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ သွားကြသူတွေလည်း ပါဝင်ကြတယ်လို့ နောက်ထပ် တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“အခု ပြည်မှာ ဖမ်းဆီးခံထားကြရတဲ့သူတွေ အထဲမှာ ရန်ကုန်မှာ ကျောင်းတက်သွားကြတဲ့ လူငယ်တချို့နဲ့ ပြည်ပမှာ အလုပ်သွားလုပ်ကြဖို့ သွားကြတဲ့ လူငယ်တချို့လည်း ပါဝင်ကြတယ်။ သူတို့ကတော့ ပွဲစားတွေနဲ့ သွားကြတာလို့ သိရတယ်။ အဲဒီမှာ လမ်းမှာ ဖမ်းဆီးခံရပြီးတော့ စစ်မှုထမ်းသင်တန်း ပို့ခံကြရတာ။ မိသားစုတွေကတော့ အတော်လေးကို စိုးရိမ်နေကြတယ်။”
စစ်ကောင်စီဟာ ရခိုင်ပြည်ကနေ ပြည်မဘက်ကို ထွက်ခွာကြတဲ့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို လမ်းမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ပြီး မကြာခဏဆိုသလို စစ်မှုထမ်းသင်တန်းတွေကို ပို့ဆောင်မှုတွေ ရှိတယ်လို့ ရန်ကုန်ကနေ ရခိုင်ကို ဆင်းလာသူတချို့က ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၁၄ အထိ ရောက်ရှိလာနေပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းစစ်မျက်နှာတွေကို ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။