
Tesla ရဲ့ ရှယ်ယာဈေးနှုန်းဟာ ကုမ္ပဏီရဲ့ ဒုတိယ ၃ လပတ်မတိုင်မီ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
အီလွန်မတ်စ်ခ်နဲ့ ထရမ့်ပ်တို့ရဲ့ ဆက်ဆံရေး တင်းမာမှုကြောင့် Tesla ရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ဒေါ်လာ ၃၂၃ ဒသမ ၆၃ ကနေ ဒေါ်လာ ၃၀၀ ဒသမ ၇၁ အထိ ကျဆင်းခဲ့ကာ သောကြာနေ့က ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။
Wall Street ရဲ့ သုံးသပ်သူတွေကတော့ Tesla ဟာ ပြီးခဲ့တဲ့နှစ်က ကားအစီးရေ ၄၄၄,၀၀၀ နီးပါး ရောင်းချခဲ့ရတာနဲ့ လက်ရှိ ကားအစီးရေ ၃၈၇,၀၀၀ ရောင်းရတာကို ယှဉ်ကြည့်ရင် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။
Tesla ဟာ ပြီးခဲ့တဲ့လက အော်စတင်နဲ့ တက္ကဆက်မှာ မောင်းသူမဲ့ ရိုဘိုတက္ကဆီဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက်ပိုင်း ရှယ်ယာဈေးတွေ တိုးမြင့်ခဲ့ပေမဲ့ စီအီးအို အီလွန်မတ်စ်ခ်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်မှုတို့ကြောင့် ရှယ်ယာဈေးနှုန်းတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
အီလွန်မတ်စ်ခ်က ဒေါ်နယ်ထရမ့်ပ် အဆိုပြုထားတဲ့ ဥပဒေမှုကြမ်းကို ဝေဖန်ခဲ့တာကြောင့် သူတို့ ၂ ယောက်ကြား ဆက်ဆံရေး တင်းမာလာတာ ဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်းဟာ အမေရိကန်အတွက် လိုငွေပြခြင်းကို ပိုပြီးဆိုးရွားစေမှာဖြစ်ကာ ကြွေးမြီ ပမာဏလည်း အမြင့်ဆုံးတက်လာနိုင်တယ်လို့ အီလွန်မတ်စ်ခ်က ဝေဖန်ထားပါတယ်။
ထရမ့်ပ်ရဲ့ ဥပဒေမူကြမ်းဟာ အမေရိကန်မှာရှိတဲ့ ဝင်ငွေကောင်းတဲ့ မိသားစုတွေအတွက် အကျိုးခံစားခွင့်ရှိပြီး သာမန်လူတန်းစားတွေအတွက် ဆေးအကူအညီနဲ့ အစားအသောက် ထောက်ပံ့မှုတွေ သိသိသာသာ လျှော့ချမှာဖြစ်ပါတယ်။
ထရမ့်ပ်ရဲ့ ဥပဒေမှာ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်ထုတ်လုပ်မှုကို လျှော့ချဖို့လည်း ပါဝင်ပါတယ်။
ဒါဟာ Tesla ရဲ့ စွမ်းအင်နဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဖိအားဖြစ်စေမှာ ဖြစ်ပါတယ်။
Tesla ရဲ့ EV ကားရောင်းချမှုဟာ ၂၀၃၅ ခုနှစ်မှာ တနှစ်ကို ကားအစီးရေ ၁၀၀,၀၀၀ ဝန်းကျင်သာ ရှိတော့မယ်လို့လည်း ခန့်မှန်းရပါတယ်။
“ဝမ်းနည်းပါတယ်။ အီလွန်မတ်စ်ခ်ဟာ EV လုပ်ပိုင်ခွင့်ကို ဆုံးရှုံးနေပါပြီ။ ဒီထက်ပိုပြီး ဆုံးရှုံးနိုင်တယ်” လို့ ထရမ့်ပ်က အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရရဲ့ ထောက်ပံ့ငွေတွေ၊ စာချုပ်တွေ၊ အားပေးမှုတွေ အပေါ်မှာ မူတည်နေတယ်ဆိုတာ ထရမ့်ပ်က ရည်ညွှန်းခဲ့တာပါ။
SpaceX ဟာ ၂၀၀၈ ခုနှစ်ကတည်း ပြည်ထောင်စုအစိုးရဆီက ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိ လုပ်ငန်းတွေ ရရှိခဲ့ကာ အဲဒီစာချုပ်တွေထဲမှာ နာဆာ၊ အမေရိကန်လေကြောင်းနဲ့ အာကာသအဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။
Source: Reuters