
၂၀၂၄ ခုနှစ်အတွက် နှစ်အလိုက် ဝင်ငွေအစီရင်ခံစာအရ တရုတ်ထိပ်တန်းကုမ္ပဏီ BYD က အဓိကပြိုင်ဘက်ဖြစ်တဲ့ Tesla ကို ဒေါ်လာ ၁၀၇ ဘီလီယံနဲ့ ကျော်တက်သွား ပါတယ်။
ရှန်ကျန်းမြို့အခြေစိုက် ဒီ လျှပ်စစ်ကားကုမ္ပဏီရဲ့ ဝင်ငွေဟာ ၂၉ ရာခိုင်နှုန်းအထိ တက်လာခဲ့တာ ဖြစ်ပြီး ဘီလီယံနာ အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ Tesla ကုမ္ပဏီရဲ့ ဒေါ်လာ ၉၇ ဒသမ ၇ ဘီလီယံ ဝင်ငွေထက် ပိုမိုများပြားပါတယ်။
အဲဒီနောက် တရုတ်ပြည်မကြီးမှာ အရောင်းရဆုံး လျှပ်စစ်ကားဖြစ်တဲ့ Tesla - Model 3 နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် BYD က စျေးထက်ဝက်နီးပါး သက်သာတဲ့ Qin L (ချင်းအဲလ်) ကားမော်ဒယ်အသစ်ကိုပါ ပွဲထုတ်လာပါတယ်။
တဖက်မှာ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ အကြံပေးဖြစ်သူ မတ်စ်ခ်တို့ကြား နီးစပ်ပတ်သက်မှုဟာ Tesla ရောင်းအားကျဆင်းလာတာနဲ့ ဆက်စပ်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့အပြင် မတ်စ်ခ်ရဲ့ နိုင်ငံရေးအရ စွက်ဖက်မှုတွေပါ ရှိနေတာကြောင့် ကမ္ဘာတဝန်း ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်လာရချိန်မှာ တရုတ်ကားကုမ္ပဏီတွေကလည်း အနောက်နိုင်ငံတွေရဲ့ အခွန်စည်းကြပ်မှုကို ကြုံတွေ့နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်အတွင်း EV ကား ရောင်းချရာမှာတော့ BYD က ၁ ဒသမ ၇၆ သန်းနဲ့ Tesla က ၁ ဒသမ ၇၉ သန်း ရှိခဲ့တဲ့အတွက် ရောင်းအားသိပ်မကွာတာကို တွေ့ရပါတယ်။
ဒါပေမဲ့လည်း BYD ဘက်က လျှပ်စစ်နဲ့ရော၊ ဓာတ်ဆီနဲ့ပါ မောင်းနှင်နိုင်တဲ့ Hybrid ကားရောင်းအားကိုပါ ထည့်တွက်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်မှာ အစီးရေ ၄ ဒသမ ၃ သန်းအထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလမှာလည်း BYD က “ဘုရားစက္ခုတော်” (God's Eye) ဆိုတဲ့ မောင်းသူအထောက်အကူပြု နောက်ဆုံးပေါ် နည်းပညာကို သူတို့ရဲ့ ကားမော်ဒယ်အားလုံးမှာ အခမဲ့ထည့်ပေးမယ်ဆိုပြီး ကြေညာခဲ့ပြန်ပါတယ်။
Build Your Dreams ကုမ္ပဏီတည်ထောင်သူ ဝမ်ချွမ်းဖူ ကတော့ အားအမြန်သွင်းနိုင်တဲ့ နည်းပညာသစ်ကို ပြီးခဲ့တဲ့အပတ်မှာ စတင်မိတ်ဆက်ခဲ့ပြီး လျှပ်စစ်ကားတစီးအတွက် အားသွင်းချိန် ၅ မိနစ်သာ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါဟာ Tesla ရဲ့ ၁၅ မိနစ်ကြာမြင့်တဲ့ Supercharger အားသွင်းစနစ်ထက် ၃ ဆ ပိုပြီးမြန်ဆန်ကြောင်း သိရပါတယ်။
Source : Reuters