
တောင်ကိုရီးယားနိူင်ငံက မြန်မာအမျိုးသမီးလုပ်သား ခေါ်ယူတဲ့ အရေအတွက် နည်းနေတာကြောင့် EPS စာမေးပွဲ ဖြေဆိုအောင်မြင်ထားပြီး အလုပ်ခေါ်စာရဖို့ စောင့်ဆိုင်းသူတွေ စိုးရိမ်သောကရောက်နေကြရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ဒီနှစ်ကစပြီး ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားအတွက် အမျိုးသမီးလုပ်သားတွေ စေလွှတ်ခွင့်ပေးခဲ့ပေမဲ့ ခေါ်ယူတဲ့ နှုန်းက ပြောပလောက်စရာ မရှိဘူးလို့ ဆိုပါတယ်။
ဝန်ဆောင်မူလုပ်ငန်းအတွက် EPS စာမေးပွဲအောင်ထားသူတယောက်က “သိရသလောက်ဆိုရင် အခုထိ အမျိုးသမီး ၂ ယောက်လားပဲ သွားရသေးတယ်။ ခေါ်တဲ့နှုန်းက အရမ်းနည်းတော့ မျှော်ရတာ အားတောင်မရှိတော့ဘူး။ ဆက်စောင့်ရမလား၊ တခြားနိုင်ငံ သွားရမလား၊ ဘာဆက်လုပ်ရမလဲ မပြောတတ်တော့ဘူး” လို့ ပြောပါတယ်။
အမျိုးသမီးတွေ ပထမဆုံး ဝင်ရောက်ဖြေဆိုခွင့်ပေးခဲ့တဲ့ EPS-Topik စာမေးပွဲကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြုလုပ်ခဲ့ရာ ၃၀၀၀ ကျော် အောင်မြင်ခဲ့တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စာမေးပွဲအောင်ထားသူတွေအတွက် အလုပ်ခေါ်စာ လျှောက်ထားတာကို အဲဒီနှစ်ကုန်ပိုင်းက လက်ခံခဲ့ပြီး မတ်လမှာ အမျိုးသမီးအလုပ်သမားတယောက် စတင်သွားရောက်ခွင့်ရခဲ့ကာ ပြီးခဲ့တဲ့ရက်ပိုင်းက နောက်တယောက် ထပ်ပြီးခေါ်ခံရတယ်လို့ ကိုရီးယားဘာသာ သင်တန်းနည်းပြတယောက်က ပြောပါတယ်။
“တခြားလုပ်ငန်းအမျိုးအစားတွေထက်တော့ ဝန်ဆောင်မူက ခေါ်နှုန်းနည်းနေတာ။ အဲဒီလို ခေါ်တာ နည်းတော့ နောက်တကြိမ် စာမေးပွဲရှိရင်တောင် စိတ်ဝင်စားမှုက ပြီးခဲ့တဲ့အကြိမ်လောက် များတော့မှာမဟုတ်ဘူးလို့ ယူဆရတယ်။”
တောင်ကိုရီးယားနိုင်ငံက လုပ်ငန်းကဏ္ဍအားလုံးအတွက် ဒီနှစ်မှာ မြန်မာလုပ်သား ၂၀,၀၀၀ လောက်ခေါ်ဖို့ လျာထားတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံကို တခြားနိုင်ငံတွေက အမျိုးသမီးလုပ်သားတွေ အရင်ကတည်းက စေလွှတ်တာရှိခဲ့ပေမဲ့ မြန်မာနိုင်ငံက အခုမှခွင့်ပြုတာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိ မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။