
မြောက်ကိုရီးယားကို ဦးတည်ပြီး နယ်စပ်အနီးမှာ အသံချဲ့စက်ထုတ်လွှင့်မှုတွေကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဇွန် ၁၀ ရက်မှာ ပြောပါတယ်။
တောင်နဲ့ မြောက်အကြား တင်းမာမှုတွေ ကြီးထွားလာခဲ့ချိန်အတွင်း ဝါဒဖြန့်ချိရေး အကြောင်းအရာတွေနဲ့ ကေပေါ့ပ်သီချင်းတွေကို ပြန်လည်လွှင့်ထုတ်ခဲ့ပြီးနောက် တနှစ်နီးပါး အကြာမှာ ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေကို ပြန်စတင်ဖို့၊ အသံချဲ့စက် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းဖို့နဲ့ ဆိုင်းငံ့ထားတဲ့ ပြုံယမ်းနဲ့ စစ်ရေးသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ဆိုတဲ့ ဒီလအတွင်းမှာ တာဝန်စတင်ထမ်းဆောင်လာတဲ့ သမ္မတ အီဂျယ်မြောင်ရဲ့ ကတိတွေကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့ ပြည်သူတွေကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဆိုးလ်အစိုးရက ၂၄ နာရီပတ်လုံး အသံချဲ့စက်ထုတ်လွှင့်ရေး ကမ်ပိန်းကို ပြန်လည်စတင်ခဲ့တာမှာ မြောက်ကိုရီးယားက အမှိုက်မီးပုံးပျံတွေကို နယ်စပ်ဖြတ်ကျော် ပို့လွှတ်ခဲ့မှုအပေါ် တုံ့ပြန်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
Source: Reuters