
အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်တို့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှု အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဇွန် ၁၆ ရက်ထုတ် Bernama သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
စင်ကာပူပါလီမန်အိမ်တော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆွေးနွေးပွဲအပြီးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး သမ္မတ ပရာဘိုဝိုက နှစ်နိုင်ငံစလုံးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေနဲ့အတူ အစ္စရေးနဲ့ အီရန်တို့ကြား တင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်းလည်း ပြောလိုက်တာပါ။
“ငြိမ်းချမ်းတဲ့နည်းနဲ့ စေ့စပ်ညှိနှိုင်းအဖြေရှာရေးရဲ့ အရေးပါမှုကို ကျနော်တို့ အလေးအနက်ထားပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုပါတယ်။”
ဒါ့အပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက်လည်း အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု လိုအပ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်တွေက အလေးပေး ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့နဲ့ စည်းမျဉ်းအခြေခံ ဘက်စုံစနစ်တရပ်ကို ထိန်းသိမ်းနိုင်ရေးအတွက် စင်ကာပူနိုင်ငံရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေက အစိမ်းရောင်စီးပွားရေး၊ နယ်စပ်ဖြတ်ကျော် စွမ်း အင်ကုန်သွယ်မှု၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ကာဗွန်နည်းနည်းပညာတွေလို နယ်ပယ်တွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ မဟာဗျူဟာမြောက် နားလည်မှုစာချွန်လွှာ (MoUs) ၅ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source : BERNAMA