တရုတ်အစိုးရက စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာတွေကို ရပ်တန့်ဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဒေသစံတော်ချိန် မေ ၂၉ ရက်နေ့မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။
ဝါရှင်တန်ဒီစီကိုရောက်ရှိနေတဲ့ မြန်မာ့နွယ်ဖွားတွေဟာ အပတ်စဉ် မြန်မာသံရုံး၊ တရုတ်သံရုံးနဲ့ တရုတ်သံအမတ်နေအိမ်ရှေ့တို့မှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထောက်ထားဖို့ တိုက်တွန်းခဲ့ကြပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင် မတရားအာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော်အတွင်း အကြိမ်ပေါင်းများစွာ ဝါရှင်တန်ဒီစီ တရုတ်အစိုးရသံရုံးမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လေးစားလိုက်နာဖို့ တောင်းဆိုခဲ့ကြပြီးပြီ။ ယနေ့အထိ တရုတ်အစိုးရရဲ့ ရပ်တည်ချက်အမှားနဲ့ အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ကို ကူညီနေတာကို မပြောင်းလဲရင် မြန်မာပြည်မှာ ရင်းနှီးထားတဲ့ တရုတ်စီးပွားရေးအားလုံး မြန်မာပြည်သူတွေရဲ့ မုန်းတီးမှုအောက်မှာ လုံခြုံမှုမရှိတော့ဘူးဆိုတာ ဒီနေ့ မြန်မာပြည်သူတွေ ကိုယ်စား သတိလာပေးခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းအစောပိုင်းကာလမှာ တရုတ်အစိုးရက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဝင်ရောက်ပြောဆိုတာ၊ မှတ်ချက်ပေးတာမျိုးမရှိခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်ကာလမှာတော့ မြင်သာတဲ့ ပါဝင်ပတ်သက်မှုတွေစတင်ပြုလုပ်ခဲ့တာပါ။
စစ်အာဏာရှင်ဟောင်းတွေနဲ့ တွေ့ဆုံတာ၊ တရုတ်နိုင်ငံကို စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တွေ့ဆုံတာ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး အကူအညီတွေပေးခဲ့တာ၊ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးခဲ့တာ၊ အာဆီယံဒေသတွင်းနိုင်ငံတွေကို ဖိအားပေးပြီး နိုင်ငံရေးအရ လိုချင်တဲ့ပုံစံကို အသွင်ပြောင်းယူတာ စတာတွေကို တရုတ်အစိုးရက ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သုတချမ်းသာ