မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မီဆေးဝါးကုသခွင့်မရတာကြောင့် မေ ၇ ရက်မှာ သေဆုံးသွား ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေါ်မြင့်မြင့်သန်းဟာ အိုးဘိုအကျဉ်းထောင်မှာ တီဘီရောဂါခံစားနေရချိန် ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမဲ့ ဆေးကုသခွင့်မပေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
သူ့ကို ထောင်တွင်းဆေးရုံမှာ ဓာတ်မှန်ရိုက်စစ်ဆေးကြည့်တဲ့အခါ အဆုတ်တခြမ်း ပျက်စီးနေပြီဖြစ်ပြီး ပြင်ပဆေးရုံမှာ ကုသဖို့ ထောင်ဆရာဝန်တွေက လွှဲပြောင်းခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက တော့ ဆေးကုသဖို့ခွင့်မပြုခဲ့ပါဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာကာ သွေးအန်လွန်းပြီး အသက်သေဆုံးခါနီးမှသာ ထောင်အာဏာပိုင်တွေက ပြင်ပကို ဆေးကုခွင့်ပြုခဲ့တဲ့အတွက် အခုလို နိုင်ငံရေးအကျဥ်းသူ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မှီဆေးကုသခွင့် မရရှိဘဲ သေဆုံးခဲ့ရတာပါလို့ ဆိုပါတယ်။
အလားတူ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေအတွင်းမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာ ၊ ကုသခွင့်တောင်းခံပေမဲ့ ကုသခွင့်မပေးတာတွေကြောင့် အကျဉ်းကျခံနေရသူတွေဟာ ကူးစက်ရောဂါဖြစ်ပွားတာ၊ ဆေးကုသခွင့်မရလို့ မူလရောဂါ အခြေအနေ ပိုမိုဆိုးရွားလာတာတွေ ဖြစ်ပေါ်နေပြီး အသက်ဆုံးရှုံးခံနေရတဲ့ အခြေအနေမှာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ Bright Future Federal School မှာ စာသင်ကြားပေးနေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ကေခိုင်