
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ လူသိများတဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ဇွန် ၁၁ ရက် မနက်အစောပိုင်းမှာ အိုးဘိုအကျဉ်းထောင်ဆီ ပြောင်းရွှေ့လိုက်တယ်လို့ သူနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မုံရွာအကျဉ်းထောင်ကနေ အကျဉ်းသားများစွာကို သံခြေချင်းတွေနဲ့ မနက် ၃ နာရီလောက်က ထောင်ပြောင်းတာမှာ ကိုဝေမိုးနိုင်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုဝေမိုးနိုင်နဲ့ နီးစပ်သူတယောက်က “ဝန်ထမ်းကတဆင့် သိထားရတာ။ မနေ့ကတည်းက မုံရွာထောင်ပြောင်းတွေအတွက် ခြေချင်းတွေခတ်နေတာ။ ထုံးစံအတိုင်း မနက်စောစောပေါ့။ ထုံးစံပဲလေ ထောင်ပြောင်းက။ အများကြီးပဲ ပြောင်းရတာ။ လောလောဆယ် အိုးဘိုလို့ သိထားတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေကလည်း DVB ကို အတည်ပြုပြီး အကျဥ်းသား ၂၀၀ နဲ့အတူ ပြောင်းရွှေ့ခံရတာလို့ ဆိုပါတယ်။
မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၄ ခုနှစ် မေ ၁၀ ရက်မှာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်ပြီးချလို့ စုစုပေါင်းကျခံရမယ့် ထောင်ဒဏ် ၇၄ နှစ် ရှိနေတာပါ။
၂၀၂၁ မတ်လက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်မှာ ရဲ ၂ ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ ကိုဝေမိုးနိုင်ကို အနှစ် ၂၀ ထပ်တိုးချလိုက်တာလည်း ဖြစ်ပါတယ်။
ဖမ်းခံရစဉ်က ကိုဝေမိုးနိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှု ၆ မှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ – ၁၂၂ တွေအပြင် တခြားအမှုတွေနဲ့ပေါင်းပြီး ထောင် ၅၄ နှစ် ချထားတာဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဦးဆောင်ပြီး ဆိုင်ကယ်နဲ့ လှည့်လည်ဆန္ဒပြနေချိန် စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂကို စတင်တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်းဟာ ၂၉,၂၆၅ ယောက်ရှိပြီး အဲဒီအထဲက ၂၂,၁၂၅ ယောက် ထိန်းသိမ်းခံနေရဆဲဖြစ်သလို ထိန်းသိမ်းခံနေရသူတွေထဲက ၁၀,၈၂၄ ယောက်ဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။