
ရုရှားနိုင်ငံက Tu-22M3 တာဝေးပစ် ဗုံးကြဲလေယာဉ်တစင်းကို ဘောလ်တစ်ပင်လယ်ဆီ ဇွန် ၁၁ ရက်က လွှတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇွန် ၁ ရက်က ဆိုက်ဘေးရီးယားနဲ့ ရုရှား မြောက်ဘက်စွန်းက လေတပ်စခန်းတွေကို ယူကရိန်းက အံ့အားသင့်စရာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ပထမဆုံး စစ်ဆင်ရေးလည်း ဖြစ်ပါတယ်။
Tu-22M3 နဲ့ Tu-95MS ဗုံးကြဲလေယာဉ် အများအပြားဟာ လေယာဉ်ကွင်းတွေနားထိ ကုန်ကားတွေနဲ့ မှောင်ခိုသယ်လာတဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရလို့ အပြင်းအထန် ပျက်စီးခဲ့တာပါ။
ရုရှားဟာ ရန်ဘက်တွေကို အင်အားနဲ့ အဟန့်အတားပြတဲ့အနေနဲ့ အကြီးစား ဗုံးကြဲလေယာဉ်တွေကို ပုံမှန်ပျံသန်းလေ့ရှိပေမဲ့ ခုတကြိမ် ပျံသန်းမှုကတော့ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြားမှာ ပုံမှန်အတိုင်း အလုပ်သဘော သတင်းစကားပေးဖို့ ရည်ရွယ်တာ ထင်ရှားတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
Tu-22M3 တိုက်လေယာဉ်တွေဟာ ဘောလ်တစ်ပင်လယ်ပြင်မှာ ၄ နာရီကျော်ကြာ ပျံသန်းခဲ့ပြီး အဲဒီအချိန်မှာ NATO အဖွဲ့ဝင် နိုင်ငံတွေက တိုက်လေယာဉ်တွေလို့ ယူဆရတဲ့ တိုက်လေယာဉ်တွေကို စောင့်ကြပ်ထားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
NATO က Backfire နဲ့ Bear-H လို့ အသီးသီးသိကြတဲ့ Tu-22M3 နဲ့ Tu-95MS လေယာဉ်တွေဟာ စစ်ပွဲတလျှောက် ရုရှားက သုံးခဲ့တဲ့ တာဝေးပစ်လေကြောင်းတပ်စုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ယူကရိန်းမြို့တွေ၊ ကာကွယ်ရေးစက်ရုံတွေ၊ စစ်အခြေစိုက်စခန်းတွေ၊ စွမ်းအင်အခြေခံအဆောက်အအုံနဲ့ တခြားပစ်မှတ်တွေကို ပစ်ခတ်ဖို့ သမားရိုးကျဒုံးကျည်တွေကို စစ်ပွဲတလျှောက်လုံးမှာ ရုရှားက သုံးခဲ့ပါတယ်။
Bear-H နဲ့ Tu-160M Blackjack တို့ဟာ မြေပြင်နဲ့ ရေငုပ်သင်္ဘောတို့ကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့အတူ နျူကလီးယားဗုံးကို သယ်နိုင်တဲ့ လေယာဉ်တွေဖြစ်ပြီး ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယား အဟန့်အတားရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်ပြည်ထောင်စုအပေါ် နျူကလီးယားတားဆီးရေး ရုရှားအစိုးရရဲ့ အလားအလာက မြင်သာထင်သာရှိတဲ့ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် ရိယဘ်ကို့ဗ်က ဇွန် ၁၁ ရက်မှာ ပြောခဲ့ပါတယ်။
Source: Reuters