
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပိတ်ဆို့ ဝိုင်းထားပြီး ရဲစခန်းအတွင်းက မိုင်းတွေကို ရှင်းလင်းနေရတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။
စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ခန့်ရှိတဲ့ ကန့်ဒေါင့်ရဲစခန်းကို ဇွန် ၂ ရက်တည်းက တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး ဒီနေ့ ဇွန် ၉ ရက်အထိ တိုက်ပွဲပြင်းထန်နေကာ စခန်းအတွင်းမှာ မိုင်းတွေအထပ်ထပ်ထောင်ထားလို့ ရှင်းလင်းရေးတွေ လုပ်ရင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကန့်ဒေါင့်ရဲစခန်းကို ဝိုင်းထားပြီးပြီ။ စခန်းအနောက်ဘက်ကျောင်းကို ရပြီ။ စခန်းမျက်နှာချင်းဆိုင် သုံးထပ်တိုက်လည်း ရပြီ။ စခန်းထဲ မြေမြှုပ်မိုင်းတွေ အထပ်ထပ်ခင်းထားလို့ မဝင်နိုင်သေးဘူး။ စခန်းအတွင်းမှာ မိုင်းတွေ အထပ်ထပ်ထောင်ထားလို့ ရှင်းလင်းရေး လုပ်နေရတယ်” လို့ ပြောပါတယ်။
ဇွန် ၆ ရက်က အင်မထီးပျူရွာမှ ကန့်ဒေါင့်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး အင်မထီးပျူရွာဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
ဇွန် ၅ ရက်နဲ့ ၆ ရက်က အင်မထီးပျူစောထီးရွာကို လေကြောင်းကနေ လူအင်အားနဲ့ ရိက္ခာတွေကို စစ်ကောင်စီတပ်က ပို့ပေးထားပြီး ကန့်ဒေါင့်ရဲစခန်း မကျရေး လုပ်ဆောင်နေပြီး မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမကြီးဘေးမှာရှိတဲ့ ကန့်ဒေါင့်ရဲစခန်းဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ စခန်းတခုလို့ သိရပါတယ်။
ဇွန် ၇ ရက်က ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသားတယောက် ခေါင်းပြတ်သေဆုံးခဲ့ကြောင်း သိရပါတယ်။