
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပတ္တမြားမြေဂေါက်ကလပ်အတွင်း ကျောက်မျက်တူးဖော်တဲ့ မြေသယ်ကားကြီးတွေ အနီးနားရပ်ကွက် လမ်းအတွင်း သွားလာမှုကြောင့် လမ်းပျက်စီး နေပြီး မိုးတွင်းကာလ သွားလာရေး ခက်ခဲနေတယ်လို့ အနီးနား ဒေသခံတွေက ပြောပါတယ်။
ပတ္တမြားမြေ ဂေါက်ကလပ်အတွင်းမှ ကျောက်ပါတဲ့ မြေကြီးတွေကို ၁၀ ဘီးကားကြီးတွေနဲ့ သယ်ဆောင်ရာက လမ်းချိုင့်ခွက်ဖြစ်ပြီး ကားပေါ်ကမြေကြီးတွေ ပြုတ်ကျတာကြောင့် မိုးတွင်းကာလမှာ ဗွက်ဖြစ်ပြီး သွားလာရေး ခက်ခဲနေတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဂေါက်ကွင်းထဲကနေ ကားကြီးတွေနဲ့ ဗြုန်း (ကျောက်ပါတဲ့မြေတွေ) သယ်ပြီး ရေပေါက်တရာမှာ ကျောက်ဆေးကြတာ။ ရေဆေးတဲ့နေရာကို သွားပို့တဲ့ ကားကြီးတွေက ၁၀ ဘီးကားတွေ၊ ဗွက်ထဲကနေ ပြန်လာတော့ လမ်းမှာ ဗွက်တွေနဲ့ မိုးရွာတော့ လမ်းချောတယ်၊ သွားမရဘူး၊ တခြားလမ်းက ပတ်သွားနေရတယ်။”
၁၀ ဘီးကားကြီးတွေ သွားလာမှုကြောင့် ရပ်ကွက်တွင်း ဒေသခံတွေ ကိုယ်ထူကိုယ်ထ ခင်းထားတဲ့လမ်းတွေ ချိုင့်ခွက်ဖြစ်ပြီး ရေမြောင်းအောက် ကျွံကျနေတာတွေ ရှိပေမဲ့ ပြုပြင်မှုမရှိဘူးလို့ သိရပါတယ်။
ဂေါက်ကွင်းအနီးနားရပ်ကွက်တွေဖြစ်တဲ့ စစ်တန်း၊ ညောင်သုံးပင်၊ ရေပေါက်တရာကို ဆက်သွယ်ထားတဲ့ လမ်းတွေက ၁၀ ဘီးကားပေါ်က ကျကျန်ခဲ့တဲ့ ဗွက်တွေနဲ့ မြေကြီးတွေကြောင့် မိုးတွင်းကာလမှာ လမ်းချောပြီး သွားလာရ ခက်ခဲနေတာပါ။
ဂေါက်ကွင်းထဲက ကားကြီးတွေ တရက်ကို ၅ စီးအထက် ဝင်ထွက်သွားလာနေတာကြောင့် အနီးနားရပ်ကွက်က ဒေသခံတွေအနေနဲ့ နေအိမ်ပေါ်သာမက လမ်းတွေမှာပါ ဖုန်တွေတင်နေတယ်လို့ သိရပါတယ်။