
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကန်တော်ရပ်ကွက်မှာ မေ ၂၃ ရက် ညနေ ၅ နာရီက အမျိုးသား ၂ ယောက်က လက်လုပ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အနီးနားနေထိုင်သူဒေသခံတယောက်က “ကားဂိတ်တွေရှိတဲ့နားကို ဗုံးလာပစ်သွားတာ။ အဲ့နားက အမျိုးသားတယောက်နဲ့ အမျိုးသမီးတစ်ယောက် ထိမှန်သွားတယ်၊ ပစ်တဲ့ဗုံးက လက်လုပ်ဗုံးပါ” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ မေလ တလအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဥ် ၃ ကြိမ်အထက် ရှိခဲ့ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှု ဖြစ်စဥ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကင်းလှည့်ယာဥ်တန်းက လူငယ်တယောက်ကို ဖမ်းဆီးရမိထားပေမဲ့ ဘယ်အဖွဲ့စည်းနဲ့မှ မပတ်သက်ဘူးလို့ သိရပါတယ်။
ဒေသခံတယောက်က “ဗုံးပစ်ခံရပြီးမှ သူတို့ (TNLA) ဘက်က လမ်းပေါ်ကိုထွက်တယ်၊ တားဆီးတယ်၊ စစ်ဆေးတယ်။ သူတို့ဘက်က ညမထွက်ရအမိန့်ထုတ်ထားပေမဲ့၊ ကန့်သတ်ချက်တွေ ထားပေမဲ့ ညမထွက်ရဆိုတော့ ဗုံးပစ်မှုက ညနေဘက်ဖြစ်လာတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့မှာ မေ ၁၅ ရက်ကစတင်ပြီး ည ၉ နာရီမှ မနက် ၃ နာရီအထိ မထွက်ရ၊ စစ်လက်နက် အသုံးဆောင်ပစ္စည်းတွေ လက်ဝယ်ထားခြင်းမပြုရလို့ TNLA က ထုတ်ပြန်ထားပါတယ်။