
အထက်ပါမေးခွန်းကို အားလုံးက စိတ်ပျက်လက်ပျက်နှင့် ဒီတကြိမ်လည်း မေးလာကြမည်မှာ သေချာပေါက်ပင် ဖြစ်သည်။
အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ မြန်မာနှင့်ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များ အလားအလာ ကောင်းနေသည်ကို ရွှန်းရွှန်းဝေအောင် ပြောဆိုသွားခဲ့သည်။
သို့သော် အဓိကကျသည့် အရွေ့တခုအဖြစ် ထွက်ပေါ်လာသည်က မြန်မာနိုင်ငံအတွက် အာဆီယံ အထူးသံတမန်ကို ယခင်ကလို အလှည့်ကျမဟုတ်တော့ဘဲ အမြဲတမ်း ခန့်အပ်သွားတော့မည်ဟု တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
ဤသည်ကလည်း ကာလကြာမြင့်စွာကတည်းက လုပ်သင့်လုပ်ထိုက်သည့် လုပ်ရပ်လည်း ဖြစ်သည်။
ဥက္ကဋ္ဌအဖြစ် အလှည့်ကျ တာဝန်ယူရသည့် နိုင်ငံမှ တဦးဦးသည် အထူးသံတမန် ဖြစ်လာသည်။ ၎င်းတို့သည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ဘောင်ထဲမှသာ လှုပ်ရှားကြ၍ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို တို့၏ ဟန်ပြ အယောင်ဆောင်လုပ်ရပ်များနှင့် အချိန်ကုန်သွားခဲ့ရသည်။ အင်ဒိုနီးရှား၏ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့မှုများသည် လာအိုလက်ထက်တွင် ရပ်တန့်သွားခဲ့ရသည်။
ယခု အမြဲတမ်းသံတမန်အား ၃ နှစ်သက်တမ်းဟု ရည်မှန်းထားသည်။ မည်သူကို ရွေးချယ်ရမည်ကို မသိသေးသော်လည်း ထိုသို့ခန့်အပ်ရန် ကန့်ကွက်မည့်သူမရှိ သဘောတူလာခြင်းသည် မြန်မာ့အရေး ဖြေရှင်းရန် အရေးတကြီး လိုအပ်လာပြီ ဆိုသည်ကို အားလုံးက တညီတညွတ်တည်း လက်ခံလိုက်ခြင်းဖြစ်ပြီး မင်းအောင်လှိုင် လုပ်မည်ဆိုသော ရွေးကောက်ပွဲမှ ဘာမှဖြစ်လာမည် မဟုတ်ဟု ယုံကြည်နေကြကြောင်းကိုလည်း အထင်အရှား တွေ့လာရခြင်းလည်း ဖြစ်သည်။
အမြဲတမ်းသံတမန် အနေဖြင့် နှစ်ဖက်စလုံးနှင့် တိုက်ရိုက်ဆက်သွယ် ဆွေးနွေးရန် တာဝန်ရှိလာသည်။ လက်ရှိတွင် အန်ဝါအီဘရာဟင်သည် ငလျင်ကို အကြောင်းပြု၍ နှစ်ဖက်စလုံးနှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံနေသော်လည်း မင်းအောင်လှိုင်အား ကွာလာလမ်ပူသို့ ဖိတ်ကြားရန်အထိတော့ မျက်နှာပြောင် မတိုက်ရဲပေ။
တနည်းအားဖြင့်ဆိုသော် မင်းအောင်လှိုင်သည် ရပ်ကွက်ထဲက ဘယ်အိမ်တွင်ပင် အလှူလုပ်လုပ် ဖိတ်ကြားမခံရဘဲ ဝတ်ကောင်းစားလှဝတ်ပြီး အလှူအိမ်ရှိရာသို့ ကျော့ကျော့မော့မော့ သွားနေသူများကို အိမ်ထဲမှ ချောင်းကြည့်နေရသည့်ဘဝ ဖြစ်နေ၍ တနှစ်လျှင် နှစ်ကြိမ်မျှ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားနေရသူ ဖြစ်သည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်သည် ဇွန်လထဲတွင် နေပြည်တော်သို့သွားပြီး စစ်အုပ်စုနှင့် ဆွေးနွေးမည်ဟု သိရသည်။ ၎င်း၏အပြောအရ အင်ဒိုနီရှား၏ အာချေးတွင်လည်း ဆူနာမီ ဖြစ်ပြီးနောက် အားလုံး စားပွဲဝိုင်းရှိရာ ရောက်လာကြ၍ မြန်မာတွင်လည်း ငလျင်ဒဏ် ခံထားရ၍ ထိုသို့ ဖြစ်လာလိမ့်မည်ဟု ယူဆကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
သို့သော် ၎င်းရင်ဆိုင်ရမည့် လူများက ကမ္ဘာတွင် မည်သည့်နေရာတွင်မှ တွေ့ရမည် မဟုတ်သည့် သူရဲမရဲ စီးနေသူများ ဖြစ်နေသည် ဆိုသည်ကို သိရှိထားပုံ မရသေးဟု ယူဆရသည်။
အာဆီယံ အနေဖြင့် မြန်မာအား အချက်ငါးချက်ကို မလိုက်နာဟုဆိုကာ အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်း၊ သို့မဟုတ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အား ဖိတ်ကြား၍ ဆွေးနွေးမည် အစရှိသည့် ဖိအားများ ပေးမည်ဆိုက ၎င်းတို့အဖို့လည်း ယခုလို အရှက်ရနိုင်စရာ အကြောင်းမရှိတော့။
အာဆီယံသည်လည်း တရုတ်က မြောက်ဘက်ခြမ်းတွင် စစ်ရေး၊ သံတမန်ရေးအရ ကြွက်သားများ ထုတ်ပြလာပြီဖြစ်၍ မြန်မာသည် အင်အားကြီး နိုင်ငံများ အားပြိုင်ရာ ကစားကွင်းကြီးအဖြစ် ရောက်မသွားမီ တခုခုလုပ်မှ ဖြစ်မည်ဆိုကာ လှုပ်လာပုံရသည်ဟု နစ်ကီ အေးရှားတွင် ရေးသားထားသည်။
အာဆီယံသည် မင်းအောင်လှိုင်လုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဘုံရပ်တည်ချက် ထွက်ပေါ်လာရန် ဆွေးနွေးနေဆဲဟု သိရသည်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ကမူ မဲဆန္ဒရှင် တစိတ်တပိုင်းသာ ပါဝင်နိုင်မည့် ရွေးကောက်ပွဲမျိုးလုပ်၍ အကျိုးထူးမည်မဟုတ်ဟု မှတ်ချက်ချခဲ့သည်။
၎င်းတို့ဘက်က မကြွသေးသရွေ့ နိုင်ငံတကာကလည်း နေသာသပ လေညာကဟု သဘောထားနေမည်သာ ဖြစ်သည်။
ယခုအခါ စစ်အုပ်စုကို မသိမသာ ထောက်ခံမှုပေးနေသည့် ထိုင်းသည်လည်း မြန်မာဘက်ခြမ်းတွင် ကရင်အမျိုးသားသမဂ္ဂသည် တဖြည်းဖြည်းနှင့် စစ်ရေးအရ အသာစီးရလာနေသည့် အိပ်မက်ဆိုးကြီးနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။
ကရင်စစ်မျက်နှာသည် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်များအတွက် လွန်စွာ အရေးပါနေသည်ဟု ဧရာဝတီသတင်းက ဆိုသည်။
စစ်အုပ်စုသည် ၎င်းတို့ရှိသမျှ အင်အားများကို စုစည်း၍ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်ပြည်နယ်များနှင့် နိုင်ငံအလယ်ပိုင်းတွင် အလူးအလဲ တိုက်ခိုက်နေရပြီ ဖြစ်သည်။
မင်းအောင်လှိုင်နှင့် အပေါင်းအပါများကတော့ တိုင်းပြည်ကို ဖြစ်ချင်တာဖြစ်၊ တရုတ်လက် ထိုးအပ်ရလည်း မမှုတော့၊ ကိုယ့်မိသားစုအသက်ထက် ဘယ်အရာကိုများ ဂရုစိုက်နေရဦးမည်နည်းဟု ယူဆနေချိန်တွင် ၎င်းတို့ကို ပံ့ပိုးပေးနေသူများအနေဖြင့် စဉ်းစားဖို့ လိုအပ်လာသည်။
တခုတည်းမေးရမည့် မေးခွန်းက မင်းအောင်လှိုင်တို့ဘက်က အနိုင်ရနိုင်မည်လား၊ အနိုင်ရမည်ဆိုကလည်း နောက် ၅ နှစ်လား၊ ၁၀ နှစ်လား၊ တိုင်းပြည် ဖွတ်ဖွတ်ညက်ညက်ကြေပြီး မှလား ဆိုသည်ကို မညှာတမ်း မေးရတော့မည် ဖြစ်သည်။
ယခုထိလည်း အောင်ပွဲဟူ၍ မမြင်ရ၊ ၎င်းတို့ကို ထောက်ခံနေသည့်အတွက် ချိုထွန်းအောင်လို ယောရုဝ သက်ဆင်းရမည့် အန္တရာယ်ကြီး ရှိနေသည်။ ထို့အတွက် မိမိအတွက်သာမက တိုင်းပြည်အတွက်ပါ အန္တရာယ်ပေးလာနေသူများကို အဘယ်ကြောင့် ဆက်၍ ပံ့ပိုးနေသင့်သနည်း ဆိုသည်ကို နဖူးပေါ်လက်တင်ပြီး စဉ်းစားကြရတော့မည် ဖြစ်သည်။
ပြည်သူတို့၏ တရားသော တွန်းလှန်စစ် မုချအောင်ရမည်!!!