
မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးတက်မှုရှိခဲ့ပေမဲ့ “ကျိုးပျက်လွယ်တဲ့ တံတား တစင်းလိုပဲ” လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံစဉ်မှာ ခိုင်းနှိုင်းပြောကြားခဲ့ပါတယ်။
“မြန်မာ့အကျပ်အတည်းကို တဖြည်းဖြည်းနဲ့ ဖြေရှင်းဖို့အတွက် ကျနော်တို့ရဲ့ အားထုတ်မှုတွေမှာ တိုးတက်မှုရှိခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တခုလုံးမှာ တိတ်တိတ်ဆိတ်ဆိတ် စေ့စပ်ညှိနှိုင်းမှုက အရေးကြီးတယ်ဆိုတာလည်း ဖော်ပြလိုပါတယ်။ ခြေလှမ်းတွေက သေးငယ်ချင် သေးငယ်မယ်၊ တံတားတွေက ကျိုးပျက်လွယ်ကောင်း ကျိုးပျက်လွယ်မယ်၊ ဒါပေမဲ့ ဆိုရိုးရှိသလိုပဲ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ ကျိုးပျက်လွယ်တဲ့ တံတားတစင်းဟာ ပိုကျယ်လာတဲ့ အက်ကြောင်းကြီးထက်တော့ ပိုကောင်းပါတယ်” လို့ မလေးရှားဝန်ကြီးချုပ်က မေ ၂၆ ရက်က ထိပ်သီးဆွေးနွေးပွဲ အဖွင့်အမှာစကားမှာ ထည့်ပြောခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ အားထုတ်မှုတွေအပေါ် အခြေခံပြီးတော့ တုံ့ဆိုင်းနေတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လှုပ်နှိုးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးနေကြပါတယ်။
အန်ဝါဟာ ပြီးခဲ့တဲ့လက ဘန်ကောက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တံခါးပိတ် ဆွေးနွေးခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရနဲ့လည်း အွန်လိုင်းက ဆွေးနွေးခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်ကို တနှစ်တကြိမ် အာဆီယံဥက္ကဋ္ဌလဲတဲ့အခါတိုင်း ပြောင်းနေမယ့်အစား သက်တမ်း ၃ နှစ်လောက် အနည်းဆုံးထားရှိမယ့် အမြဲတမ်းကိုယ်စားလှယ် ခန့်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုမှာ သဘောတူညီထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က တွေ့ဆုံညှိနှိုင်းမှုတွေ အများကြီးလုပ်ဖို့ လိုအပ်ပြီး နောက်လကျရင် မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ပြောကြားထားပါတယ်။
Source: Reuters