Home
မြန်မာသတင်း
မကွေးထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော် တိုက်ပိတ်ခံရပြီး ဆေးကုသခွင့်မရ
DVB
·
May 27, 2025

မကွေးအကျဥ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဥ်းသား အယောက် ၂၀၀ ကျော် တိုက်ပိတ်ခံထားရပြီး ဆေးဝါးကုသခွင့်လည်း မရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၃ ရက်က မကွေးထောင်ရှေ့မှာ Local PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထောင်တွင်းမှာလည်း အကျဥ်းဦးစီးနဲ့ အကျဥ်းသားတွေကြား တင်းမာမှုတချို့ ရှိခဲ့တဲ့နောက် ကင်းမျှော်စင်ကနေ သေနတ်နဲ့ပစ်ခတ်လို့ နိုင်ငံရေးအကျဥ်းသား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် နိုင်ကျဥ်းတွေလည်း ပါဝင်ပတ်သက်တယ်လို့ ထောင်အာဏာပိုင်တွေက စွပ်စွဲပြီး နိုင်ကျဥ်း အယောက် ၄၀၀ ကျော်ကို ရိုက်နှက်ခဲ့တဲ့အတွက် ခါး၊ ခြေထောက်၊ တင်ပါးတို့မှာ ဒဏ်ရာရကာ အကျဥ်းသားတချို့လည်း သေနတ်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ခုလက်ရှိအချိန်အထိ နိုင်ကျဥ်းအယောက် ၂၀၀ ကျော် တလကျော်ကြာ တိုက်ပိတ်ခံရပြီး လုံလောက်တဲ့ ဆေးဝါးကုသခွင့် ပေးတာတွေလည်း မရရှိဘူးလို့ သိရပါတယ်။

PPNM အဖွဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက “လုံလောက်တဲ့ ဆေးဝါးကုသခွင့်ပေးတာ မတွေ့ရဘူး။ အသက်အန္တရာယ် အရေးပေါ်စိုးရိမ်ရတဲ့လူနာကို ဆေးကုခွင့်ပေးပေမဲ့ အကျဥ်းသားအားလုံးအပေါ် တပြေးညီ ဆေးဝါးကုသခွင့်ပေးတဲ့ အခြေအနေမျိုး မရှိဘူး။ ထိခိုက်မိတဲ့သူတွေ ပြီးတော့ အတွင်းဒဏ်ရာရတဲ့သူမျိုး ဆိုရင်လည်း လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု ပေးဖို့အတွက် အခွင့်အရေးမရဘူးလို့ ပြောရမယ့် အခြေအနေ ဖြစ်နေတာပါဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကိုလည်း ပိတ်ထားသလို တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲခံရသူတွေကိုလည်း ပါဆယ်ပို့ခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားတွေက သောက်ရေမရရှိတဲ့အတွက် ရေသန့်တွေကို စျေးကြီးပေး သောက်နေရပြီး အိမ်သာရေနဲ့ ရေချိုးရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

PPNM အဖွဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက  “နိုင်ငံရေးအကျဥ်းသားတွေကို သေဆုံးအောင် ပစ်ခတ်တဲ့သူတွေက အခုချိန်ထိ အရေးယူမခံရသေးဘူး။ တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ လူ့အခွင့်အရေးကို စောင့်ကြည့်သူအဖွဲ့တွေ အနေနဲ့တော့ ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ မှတ်တမ်းကောက်ယူမှုတွေ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်မှုတွေကို ပိုပြီး လုပ်ဆောင်သွားမယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း အကျဥ်းထောင်တွင်းက ဖိနှိပ်မှုတွေကို ကြိုးစားဆောင်ရွက်ပေးစေချင်တယ်” လို့ ပြောပါတယ်။ 

မကွေးအကျဥ်းထောင် အာဏာပိုင်တွေက လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေပြီး တရားမဲ့ ပြုမူတာတွေကို ဖော်ထုတ်အရေးယူသွားပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024