
အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးနဲ့ တရားစီရင်ခံရတာကနေ အပြန်အလှန် အကာအကွယ်ပေးဖို့ မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ သဘောတူစာချုပ်လက်မှတ်ထိုးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက မေ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
၁၃ ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်ကိုသွားတက်နေတဲ့ စစ်ကောင်စီခန့် ဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ်ဖြစ်သူ ဒေါက်တာသီတာဦး၊ ရုရှား တရားရေးဝန်ကြီး ကော့စ်တန်တင်ချောက်ချန်ကိုတို့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
သူတို့ကတော့ ‘နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်’ လို့ ဆိုပါတယ်။
ပြီးတော့ အဲဒီသဘောတူစာချုပ်ရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ နောက်ဆက်တွဲစာချုပ်ကိုလည်း ဒေါက်တာသီတာဦးနဲ့ ရုရှားနိုင်ငံရှေ့နေချုပ် အီဂေါခရာစနော့ဗ်တို့ လက်မှတ်ထိုးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မေ ၁၉ ရက်ကနေ ၂၁ ရက်အထိ စိန့်ပီတာဇဘတ်မြို့မှာ လုပ်နေတဲ့ ၁၃ ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ်မှာ ဒေါက်တာသီတာဦး တက်ရောက်ခဲ့ပြီး ‘အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာပြစ်မှုများအား တိုက်ဖျက်ခြင်း’ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ နိုင်ငံဖြတ်ကျော်ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဥပဒေရေးရာကိစ္စတွေ ဆောင်ရွက်ရာမှာ ဉာဏ်ရည်တု AI နည်းပညာကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ရုရှားကော်မရှင်နာ၊ ယူကရိန်းကို ရုရှားကျူးကျော်စစ် ဆင်နွှဲရာမှာ တာဝန်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၄ ယောက်ကို ICC က ဝရမ်းထုတ်ထားပြီး မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က တရားရုံးမှာ တင်ပြထားပါတယ်။