
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာမှာ ကျောင်းသုံးဖတ်စာအုပ်အသစ် ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လာမယ့်ပညာသင်နှစ်မှာ ပြန်အပ်ပါမယ်ဆိုတဲ့ လက်မှတ် ထိုးရမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ပညာသင်နှစ်ကစပြီး ကျောင်းသုံးဖတ်စာအုပ်တွေကို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ပြန်အပ်ရတာ ဖြစ်ပါတယ်။
ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းစနစ်နဲ့ အခုပညာနှစ်ကနေစပြီး ကျင့်သုံးသွားမယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
Non CDM ကျောင်းဆရာမတယောက်က “စာအုပ်အဟောင်းနဲ့ အသစ်ကို မဲနှိုက်ရမယ်။ စာအုပ်အသစ်ရတဲ့သူက ပညာသင်နှစ် ကုန်ဆုံးရင် ပြန်အပ်ရမယ်။ အဲဒီမှာမှ လုံးဝဖတ်လို့မရတာ၊ ပြဲစုတ်နေတာတွေဆိုရင် အသစ်ပြန်ဝယ်ပေးရမယ်။ အဲဒီအတွက်လည်း လက်မှတ်က တစ်ခါတည်းထိုးရမယ်” လို့ ပြောပါတယ်။
ကျောင်းတက်နေချိန်အတွင်းမှာလည်း ဖတ်စာအုပ်အသစ် ရရှိဖို့ဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။
“ဖတ်စာအုပ် ရ၊ မရက မသေချာဘူး။ ကျောင်းတွေကို အပြည့်မထုတ်ပေးနိုင်ဘူး။ ရထားတဲ့ အသစ်နဲ့ အဟောင်းကို ပြန်မျှသုံးရမှာ။”
စစ်ကောင်စီအနေနဲ့ စစ်ရေးအသုံးစရိတ်ကိုသာ အဓိကထားသုံးနေပြီး ပညာရေးအသုံးစရိတ်ကို လျှော့ချထားတာလည်း ဖြစ်ပါတယ်။